၃၁.၁၂.၂၀၂၄
Written by KL
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်-မန္တလေးအဆင်းလမ်း၊ မိုင်တိုင်အမှတ် ၁၈ မိုင်၊ ၅ဖာလုံခန့်တွင် ဒီဇင်ဘာလ ၃၀ ရက် နံနက် ၁၁ နာရီခွဲခန့်က တင်လဲရည်တင်ဆောင်လာသော ဘောက်ဆာယာဥ်တစ်စီးမှာ ဘရိတ်ပေါက်၍ တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ကလေးတစ်ဦးအပါအဝင် ၅ ဦးဒဏ်ရာများရရှိခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူများထံမှ သိရသည်။
“တင်လဲရည်တင်လာတဲ့ကား ဘရိတ်ပေါက်ပြီး ကားမှောက်တာ။ အိမ်စီးကားနှစ်စီးနဲ့ ဆိုင်ကယ်တစ်စီးလည်း လမ်းဘယ်ဘက်ခြမ်းကို ချော်ကျပြီး ဆိုင်ကယ်ပေါ်ပိမိတာ။ တင်လဲရည်တွေလည်း လမ်းပေါ်မှာ ယိုဖိတ်ကုန်တာ။ ဒဏ်ရာရတဲ့သူတွေက အိမ်စီးကားပေါ်ကလူတွေပါ”ဟု ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူတစ်ဦးက ပြောသည်။
ယာဥ်တိမ်းမှောက်မှုကြောင့် အသက် ၇၅ နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက် ၃၃ နှစ်မှ ၅၄ နှစ်ကြားရှိ အမျိုးသမီး သုံးဦး၊ အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးတို့ ပွန်းပဲ့၊နာကျင်ဒဏ်ရာများရရှိခဲ့သော်လည်း လူနာများမှာ အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သိရသည်။
ဒဏ်ရာရရှိသူများကို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) မှ စေတနာမွန် လူမှုကူညီရေးအသင်း (အုန်းချော)က ဆေးရုံသို့ ပို့ဆောင်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တင်လဲရည်တင်ယာဥ်တိမ်းမှောက်မှုကို အုပ်ချုပ်မှုယာဥ် ၁ စီး၊ မီးငြှိမ်းသတ်ယာဥ် ၇ စီး၊ ရေသယ်ယာဥ် ၃ စီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၅၀ ခန့်ဖြင့် လူနာများကယ်ထုတ်ခြင်း၊ လမ်းပေါ်တင်ကျန်နေသော တင်လဲရည်များကို ရေဖြင့်ဆေးကြောခြင်း၊ သဲများဖြင့်ဖုံးအုပ်ခြင်းအပြင် တင်လဲရည်များ လှယ်ယူရာတွင် ကူညီခဲ့ကြောင်း သိရသည်။
ယာဥ်တိမ်းမှောက်မှုကြောင့် အသက် ၃၄ နှစ်အရွယ် ဦးဇော်ဝင်းကို ပြင်စာနယ်မြေရဲစခန်းမှ ပုဒ်မ ၂၇၉၊ ၃၃၇၊ ၃၃၈တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။