၃၁. ၁၂. ၂၀၂၄
Written by Nay Moe
အပြစ်မဲ့ လမ်းတံတားလုပ်သား ၂၅ ဦးကျော် သတ်ဖြတ်မှုနဲ့ KNU က ထုတ်ပယ်ခံထားရတဲ့ စောနယ်ဒါးဘိုမြက ကော်သူးလေအစိုးရဖွဲ့စည်းလိုက်ပြီး သမ္မတအဖြစ် မိမိကိုယ်မိမိ ကြေညာလိုက်တဲ့ ထုတ်ပြန်ချက် မနှစ်က ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှာ ထွက်ပေါ်လာသလိုမျိုးပဲ ဒီနှစ် နိုဝင်ဘာ ၃၀ ရက်မှာ ကျရောက်တဲ့ ၂၇၆၄ နှစ်ပြည့်ဆိုတဲ့ ကရင်နှစ်သစ်ကူးမှာလည်း KNU/ KNLA ရဲ့ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက KTLA ကို အတုခိုးပြီး ကော်သူးလေအစိုးရဖွဲ့စည်းမယ်လို့ ပြောလာပြန်ပါတယ်။
KNU တော်လှန်ရေးခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီးစောဘိုမြရဲ့သား စောနယ်ဒါးဘိုမြဟာ KNU လက်အောက်ခံ KNDO ရဲ့ စစ်ဦးစီးချုပ်ဟောင်းဖြစ်ပြီး လမ်းတံတားလုပ်သားတွေ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကြောင့် KNU က သူ့ကို ရာထူးကထုတ်ပယ်ခံရပြီးနောက်မှာ ကော်သူးလေတပ်မတော်(KTLA)တည်ထောင်ပြီး စစ်ဦးစီးချုပ်အဖြစ် နေရာယူခဲ့ပါတယ်။ KTLA တည်ထောင်ပြီးနောက်မှာ စောနယ်ဒါးဘိုမြဟာ KNU လက်နက်ကိုင်တွေကို ပြန်လည် တိုက်ခိုက်ခဲ့သလို ကော်သူးလေအစိုးရအဖြစ်ဖွဲ့စည်းပြီး သူ့ကိုယ်သူ သမ္မတအဖြစ် ခံယူမှုကို အဝေးရောက်အစိုးရလိုအမည်ခံထားတဲ့ NUG နဲ့ KNU/KNLA အပါအဝင် ကရင်လက်နက်ကိုင်တွေက တစ်စုံတစ်ရာမကန့်ကွက်ခဲ့ပေမဲ့ အခုတော့ KNU/KNLA ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း ကိုယ်တိုင်ကလည်း နယ်ဒါးမြကို အားကျလို့ ကော်သူးလေအစိုးရဖွဲ့စည်းချင်ကြောင်း တရားဝင်ထုတ်ပြောလာတာပါ။
လက်ရှိမှာတော့ ကရင်တွေအတွက် ကော်သူးလေအစိုးရလို့ ဖွဲ့စည်းပြီး သမ္မတအဖြစ် ခံယူထားတဲ့ KTLA စစ်ဦးစီးချုပ်စောနယ်ဒါးဘိုမြက KNU/KNLA ရဲ့ ပဒိုစောကွယ်ထူးဝင်းက ကော်သူးလေအစိုးရအဖြစ် ထူထောင်မယ်လို့ပြောဆိုမှုအပေါ် တစ်စုံတစ်ရာ ကန့်ကွက်ခြင်းမရှိသေးသလို ဒီပြောဆိုမှုအပေါ် KTLA က စာထုတ်ပြန်လာတာလည်း မရှိသေးတာ တွေ့ရပြီး KNU/KNLA ကလည်း ကော်သူးလေအစိုးရဖွဲ့ရင် ပဒိုစောကွယ်ထူးဝင်းက သမ္မတဖြစ်လာဖို့များသလို ကရင်တွေအဖို့လည်း သူတို့ဘာသာဖွဲ့ထားတဲ့ တပ်မတော်နှစ်ခု၊ အစိုးရနှစ်ဖွဲ့နဲ့ အမည်ခံ သမ္မတနှစ်ဦးကို ကိုးကွယ်ရတော့မှာပါ။