၃၀. ၁၂. ၂၀၂၄
Written by Phyo Wei
တပ်မတော်(ရေ) က တည်ဆောက်ခဲ့သမျှထဲ အကြီးဆုံးဖြစ်တဲ့ ဖရီးဂိတ်စစ်ရေယာဉ် ၁ စီးနဲ့ ၆၃ မီတာ ရေငုပ်သင်္ဘော တိုက်ဖျက်ရေးရေယာဉ် ၂ စီး တပ်တော်ဝင်တဲ့ ဒီတစ်ပတ်မှာပဲ BRICS အဖွဲ့ကြီးနဲ့ စည်းစနစ်ကျနတဲ့ ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်လိုတဲ့နိုင်ငံတွေမှာ မြန်မာနိုင်ငံလည်းပါဝင်တယ်လို့ ရုရှားအစိုးရ ပြောကြားလာတာနဲ့ နိုင်ငံတော်အတွင်း ဒေသအချို့မှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းရေးအတွက် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့နဲ့ တွေ့ဆုံဆွေးနွေးရေး နည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ ဖိတ်ခေါ်ထားပေမဲ့လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့အနေနဲ့ မိမိဒေသနဲ့ မိမိလူမျိုးအကျိုးကို မျက်ကွယ်ပြုပြီး အကြမ်းဖက်လုပ်ရပ်တွေကိုပဲ တစိုက်မတ်မတ် ဆက်လက်ဆောင်ရွက်နေတာကို တွေ့မြင်နေရတယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိင်က ပြောကြားခဲ့တာလည်း မြင်တွေ့ရပါတယ်။
အခြားတစ်ဖက်မှာလည်း လက်ရှိကာလမယ် တပ်တွင်းစည်းလုံးမှုပျက်ပြားအောင် ပြည်တွင်း၊ ပြည်ပ အဖျက်သမားအင်အားစုတွေက နည်းလမ်းပေါင်းစုံနဲ့ ထိုးနှက်တိုက်ခိုက်နေလို့ တပ်မတော်သားတွေ စည်းလုံးညီညွတ်မှုရှိရေးက အသက်တမျှအရေးကြီးတယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပြောကြားလာတာ၊ မြန်မာနိုင်ငံမှာ နိုရိုဗိုင်းရပ်စ် ကူးစက်မှုမရှိသေးကြောင်းနဲ့ ရွှေကုက္ကိုမှာ ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သေဆုံးသူတစ်ဦးသာရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဖြေကြားလာတာ၊ ထိုင်းနိုင်ငံရောက် MOU လုပ်သား ၆၈ ဦး အလုပ်မဝင်ရသေးတာကို ပြေလည်အောင်ကူညီခဲ့တယ်လို့ NUG လိမ်လည်ထုတ်ပြန်လာတာကို အလုပ်သမားတွေက အခုအချိန်အထိ အဆင်မပြေဘူးလို့ NUG အောက် ဖြေရှင်းလာတာ၊ စမ်းချောင်းမြိုနယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူးကို လုပ်ကြံသတ်ဖြတ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုင်းထောင်ဖောက်ခွဲမှုတွေ ကျူးလွန်ထားတဲ့ Free Land Attack Force (FLA) အဖွဲ့ဝင်တွေကို လက်နက်၊ ခဲယမ်းတွေနဲ့အတူ ဖမ်းမိထားတဲ့အပြင် PDF တွေပါဝင်တဲ့ လူသတ်လုယက်မှုတွေ မကြာခဏဖြစ်ပွားနေတဲ့ မုံရွာမှာ PDF တွေက လူသတ်ပြီး ကားလုယက်မှုဖြစ်ပွားတာ စတာတွေအပြင် ရဲဗလဆုရ အုပ်ချုပ်ရေးမှူးမိသားစုသုံးဦးကို ဝမ်းတွင်း PDF WTRF က မိသားစုလိုက် သတ်ဖြတ်ရာမှာ ကျပ်သိန်း ၂၁၀ ကျော်တန်ဖိုးရှိ ရွှေ၊ ငွေနဲ့ ဆိုင်ကယ်တိုပါ ခိုးဝှက်လုယူခဲ့ကြတယ်ဆိုတဲ့ဖြစ်စဉ်တွေ ရှိပေမဲ့ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ AA လိုအဆင့်ကို အဖက်လုပ် မဆက်ဆံချင်ဘူးလို့ ဘင်္ဂလားဒေ့ရှ် ပြောလာတာ၊ လက်အောက် ငယ်သားရဲ့ဇနီးကို ကိုယ်ဝန်ပျက်အောင် မုဒိမ်းကျင့်တဲ့ NUG လက်အောက်ခံ ပကဖခေါင်းဆောင်အကြောင်းနဲ့ အနုပညာရှင်တချို့ဟာ NUG ၊ PDF တွေရဲ့ ပစ်မှတ်ဖြစ်လာတဲ့အကြောင်းကို သုံးသပ်ချင်ပါတယ်။
◾ AA လိုအဆင့်ကို အဖက်လုပ် မဆက်ဆံလိုတဲ့ ဘင်္ဂလားဒေ့ရှ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ မူးယစ်ဆေးဖြန့်တဲ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကို မကြာခဏပြန်ပေးဆွဲ၊ပစ်ခတ်မှုနဲ့ ဘင်္ဂါလီတွေကိုလည်း လူကုန်ကူးတဲ့အပြင် မုဒိမ်းကျင့်သတ်ဖြတ်နေတဲ့ AA လို အကြမ်းဖက်လက်နက်ကိုင်အဆင့်နဲ့ ထိတွေ့ဆက်ဆံမှုမပြုလုပ်ဘူးလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက တရားဝင်ထုတ်ပြောလာပြီး AA ရဲ့ လက်မှတ်နဲ့ ဆန်တင်ပို့တာကိုပါ လက်မခံကြောင်းနဲ့ အရေးယူမှာဖြစ်ကြောင်းပါ ပြောလာသလို ဘင်္ဂလားဒေ့ရှ်နဲ့ ထိစပ်နေတဲ့ ရခိုင်ပြည်နယ်က မြို့အများစုကို AA က သိမ်းပိုက်ထားတဲ့ နယ်စပ်ပြဿနာကို SAC အစိုးရက အမြန်ဆုံးအဖြေရှာပေးဖို့လည်း တောင်းဆိုလာတာကို တွေ့ရပါတယ်။
ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်မှာ လူသတ်မှု၊ မုဒိမ်းမှု၊ မူးယစ်ဆေးမှု၊ ပြန်ပေးဆွဲမှု၊ အိမ်ဖောက်ထွင်းမှုတွေကြောင့် ဆန့်ကျင်ကန့်ကွက်ခံနေရသလို မြန်မာအစိုးရကလည်း အကြမ်းဖက်သတ်မှတ်ခံထားရတဲ့ AA လက်နက်ကိုင်အဖွဲ့ဟာ ချင်းနဲ့ ရခိုင်က မြို့ ၁၅ မြို့ကို သိမ်းအပြီးမှာတော့ အတုခိုးစရာအဖြစ် ဆီးရီးယားသမ္မတကို ဖြုတ်ချခဲ့တဲ့ လက်နက်ကိုင် HTS ခေါင်းဆောင် အယ်လ်ဂျော်လာနီကို ဘာသာရေးအစွန်းရောက်အကြမ်း ဖက်မှုတွေကြောင့် အမေရိကန်က ၂၀၁၇ ခုနှစ်ကတည်းက ဒေါ်လာ ၁၀ သန်းနဲ့ ဝရမ်းထုတ်ထားခဲ့ပေမဲ့ အာဏာလက်ကိုင်ရအပြီးမှာတော့ ၀ရမ်းကနေ ပယ်ဖျက်ခံရသလိုမျိုး မျှော်လင့်လာတာမြင်ရပြီး နိုင်ငံရေးဆွေးနွေးမယ်လို့ ထုတ်ပြန်လာတာလည်း မြင်ရပါတယ်။
ကျောက်ဖြူဟာ တရုတ်ဖိအား၊ စစ်တွေဟာ အိန္ဒိယဖိအားနဲ့ မာန်အောင်ဟာ တိုက်ခိုက်ဖို့မလွယ်တဲ့ ရေမြေခြားနေတာကြောင့် ဧရာ၀တီကို ဆင်းတိုက်တော့မယောင် အသံလွှင့်ရာက နိုင်ငံရေးဆွေးနွေးချင်ပါတယ်လို့ ရုတ်ချည်းထ ထုတ်ပြန်ရတဲ့ AA စစ်ဦးစီးချုပ်ထွန်းမြတ်နိုင်ဟာ အယ်လ်ဂျော်လာနီလို လူရာဝင်ချင်တာ၊ သူမှီတည်ရပ်တည်ရမယ့် ရခိုင်ပြည်နယ်မှာလည်း အခြေချအုပ်စိုးချင်တာ၊ မြန်မာအစိုးရကလည်း အကြမ်းဖက်သတ်မှတ်ထားတာ ပယ်ဖျက်စေချင်တာ၊ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ကလည်း အသိအမှတ်မပြုတာတွေ ပြေလည်စေဖို့တွေးချိန်မှာ သူ့လိုပဲ အကြမ်း ဖက်လက်နက်ကိုင်သတ်မှတ်ခံထားရတဲ့ သူတို့ မြောက်ပိုင်းသုံးဖွဲ့ထဲက MNDAA နဲ့ TNLA တို့နည်းတူ “ကျွန်တော်တို့လည်း တရုတ်ကြောက်ပါတယ်၊ မြို့တွေလည်း သိမ်းနိုင်ပြီးဖြစ်လို့ နိုင်ငံရေးညှိနှိုင်းချင်ပါတယ်” ဆိုတဲ့ပုံစံနဲ့ အကြမ်းဖက်လက်နက်ကိုင်အဖြစ်ကနေ ငြိမ်းချမ်းရေးလိုလားပြီး အစိုးရက အသိအမှတ်ပြုပေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အသွင်ပြောင်းလဲလိုတဲ့ပုံစံကိုလည်း မြင်ရပါတယ်။
ဒါပေမဲ့လည်း ဖမ်းမိ စစ်သုံပန်းတွေကို အကုန်သတ်ဖြတ်တတ်မှုနဲ့ နာမည်ဆိုးထွက်တဲ့၊ လတ်တလောမှာလည်း ဖမ်းမိစစ်သုံပန်းတွေကို AA က လည်လှီးသတ်နေတဲ့ ရုပ်သံကြောင့် တပ်မတော်ထောက်ခံသူနဲ့ အများပြည်သူကြားမှာ AA ရဲ့ စစ်ရာဇဝတ်မှုကို ရှုတ်ချနေကြသလို လက်နက်ကိုင်သူပုန်အုပ်စုမှာလည်း AA က အယုတ်မာဆုံးအဖွဲ့ဖြစ်တယ်လို့ PMMU က သဘောထားထုတ်ပြန်ခံရတဲ့ AA ရဲ့ နိုင်ငံရေးဆွေးနွေးလိုမှုဟာ ငြိမ်းချမ်းရေးရည်မှန်းချက် အမှန်တကယ်ရောပါရဲ့လားဆိုတာ စဉ်းစားစရာလည်းဖြစ်သလို ငြိမ်းချမ်းရေးရည်မှန်းချက်ထက် ငါတို့နိုင်နေတာ၊ ငါတို့လည်း ငြိမ်းချမ်းရေးလိုလားပါတယ်လို့ တရုတ်အလိုကျ ဟန်ပြထုတ်ပြန်သလားဆိုတာကတော့ စောင့်ကြည့်ချင်စရာပါ။
◾ လက်အောက်ငယ်သားရဲ့ဇနီးကို ကိုယ်ဝန်ပျက်အောင် မုဒိမ်းကျင့်တဲ့ ပကဖ
NUG ရဲ့ ပသုံးလုံးလက်နက်ကိုင်တွေဟာ လူသတ်၊ မုဒိမ်းကျင့်၊ ဆက်ကြေးကောက်နေတာတွေနဲ့ လူသတ်မှုကျူးလွန်တာတွေ အဆက်မပြတ်လုပ်ဆောင်နေတာကို သတင်းဖော်ပြလေ့မရှိဘဲ ဖုံးကွယ်တင်ဆက်တတ်တဲ့ ရန်ကုန်ခေတ်သစ်သတင်းဌာနဟာ ဒီတစ်ပတ်မှာတော့ ထူးထူးခြားခြားအဖြစ် “ဝက်လက်မြိုနယ်၊ မှော်ဦးကျေးရွာမှ ကိုယ်ဝန် ၃ လရှိသူ အိမ်ထောင်သည်အမျိုးသမီးအား မုဒိမ်းကျင့်ခဲ့သူ ရပ်ကျေးပကဖ ခေါင်းဆောင်မောင်နိုင်ကို NUG တရားရုံးက အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၅ နှစ်ချမှတ်” ခေါင်းစဥ်နဲ့ သတင်းဖော်ပြလာပြီး “၂၀၂၄ ခုနှစ် မေလအတွင်း ဝက်လက်မြို့နယ်၊ မှော်ဦးကျေးရွာတွင် ကျေးရွာ ပကဖ ခေါင်းဆောင် မောင်နိုင်က အသက် ၂၁ နှစ်အရွယ် ကိုယ်ဝန် ၃ လရှိသူ အမျိုးသမီးကို နေအိမ်အတွင်းဝင်ရောက်ကာ အဓမ္မပြုကျင့်ခဲ့ကြောင်း၊ ထိုသို အဓမ္မပြုကျင့်မှုကြောင့် ကိုယ်ဝန်ပျက်ကျခဲ့ပြီး အမှုဖွင့်တရား စွဲဆိုခဲ့ရာ NUG အစိုးရ၊ ဝက်လက်မြိုနယ်တရားရုံးက ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ပြစ်မှုကျူးလွန်သူ မောင်နိုင်ကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက်ကြောင်း သိရသည်” လို့ ဖော်ပြထားတာ တွေ့ရပါတယ်။
ကျူးလွန်ခံရသူအမျိုးသမီးရဲ့ လင်ယောကျ်ားကလည်း PDF ဖြစ်ဖွယ်ရှိပြီး အမှုဖြစ်စဉ်ကို လိုက်ပါကူညီသူ အသိ သက်သေတစ်ဦးက ခေတ်သစ်သတင်းဌာနထံ ပြောဆိုမှုအဖြစ်လည်း“ကောင်မလေးရဲ့ ယောက်ျားကို ကင်းစောင့်ခိုင်းပြီး အိမ်ပေါ်တက်မုဒိမ်းကျင့်တာ။ ကောင်မလေးက အော်တယ်။ ပတ်ဝန်းကျင်က ကြောက်လို သွားမတားရဲကြဘူး။ မုဒိမ်းကျင့်ပြီးတော့ ကောင်မလေးကို ဖော်ထုတ်ရင် ဓားနဲ့ထိုးမယ်၊ သေနတ်နဲ့ပစ်မယ်လို ခြိမ်းခြောက်ခဲ့တယ်။ မုဒိမ်းကျင့်တာက တစ်ခါတည်းပဲ။ ဒါပေမယ့် ဆေးရုံမှာ ၃ လသန္ဓေသားလေး ပျက်ကျခဲ့တာ။ အဲဒါကို အလုပ်ကြမ်းနဲ့ ထောင် ဒဏ် ၅ နှစ် တဲ့၊ ဝက်လက်မှာတော့ အလုပ်ကြမ်းမရှိဘူး” လို ပြောတဲ့အကြောင်းလည်း ဖော်ပြထားပါတယ်။
ဝက်လက်က ပသုံးလုံးတွေဟာ NUG ရဲ့ ပသုံးလုံးတွေထဲ နာမည်ပျက်အများဆုံးဖြစ်ပြီး LPDF တွေကို မကြာခဏဖမ်းဆီးသတ်ဖြတ်မှု၊ အမျိုးသမီးတွေကို မကြာခဏ လိင်ပိုင်းဆိုင်ရာ ထိပါးသတ်ဖြတ်မှု ကျူးလွန်နေသလို NUG ကလည်း ဝက်လက်က ပသုံးလုံးတွေကို ပြစ်ဒဏ်သက်ညှာမှုတွေနဲ့ စီရင်လေ့ရှိသလို အခု ပဋိသန္ဓေအသက်ဝင်စ သုံးလကိုယ်ဝန်ပျက်ကျပြီး အသက်တစ်ချောင်းသေစေမှု၊ မုဒိမ်းမှု၊ ခြိမ်းခြောက်မှုကျူးလွန်တဲ့ မောင်နိုင်ကို သက်ညှာခဲ့သလိုမျိုးပဲ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်ကလည်း အမျိုးသမီးချင်း ချစ်ကြိုက်နေတဲ့ ဝက်လက်မြိုနယ်၊ သခွတ္တောရွာက မယုမွန်ထိုက်ဆိုသူအမျိုးသမီးကို ရွှေဘိုခရိုင်တပ်ရင်း (၂)၊ တပ်ခွဲ (၁)က ဒုတပ်ခွဲမှူးပြည့်ထွန်းနိုင် (ငပြည့်)က မိဘရှေ့တင်ပစ်သတ်ခဲ့မှုဖြစ်ပွားခဲ့ပါသေးတယ်။ ဒီဖြစ်စဥ်ကို NUG က မယုမွန်ထိုက်နဲ့ ငပြည့်က သမီးရည်း စားပါလို လိမ်လည်ထုတ်ပြန်ပြီး ငပြည့်ကို နစကရဲ့ မြန်မာ့တပ်မတော်အက်ဥပဒေနဲ့ ထောင် ၁၀ နှစ်ပဲ ချတာကြောင့် ဝေဖန်ခံရမှုတွေလည်း ရှိခဲ့ပါသေးတယ်။ပြည်ပထွက်ပြေးတဲ့ NUG ဟာ ပသုံးလုံးတွေကို ထိန်းကျောင်းနိုင်မှု၊ထိထိရောက်ရောက်အရေးမယူမှုတွေကြောင့် ပသုံးလုံးအဖွဲ့တွေရဲ့ လူသတ်၊ မုဒိမ်းကျင့်၊ ဆက်ကြေးကောက်၊ စစ်ရာဇဝတ်မှုတွေ ပိုဆိုးရွားလာသလို မြေပြင်က လက်နက်ကိုင် ပသုံးလုံးတွေကလည်း လေလှိင်းပေါ်က NUG ကို ဂရုမစိုက်တဲ့အပြင် အလုပ် ကြမ်းမရှိတဲ့ ဝက်လက်ကအချုပ်ခန်းလိုနေရာမှာ သက်ညှာတဲ့အပြစ်ဒဏ်ခံရတဲ့ မောင်နိုင်က တရားရုံးအမိန့်မချခင်မှာအသိသေလိုက်ပေးသူတွေကို သတ်ပစ်မယ်လို ခြိမ်းခြောက်ခဲ့ပါသေးတယ်။ ကိုယ်ဝန်သည်ကို ကိုယ်ဝန်ပျက်ကျအောင် မုဒိမ်းကျင့်တဲ့ ဝက်လက်ပကဖခေါင်းဆောင် မောင်နိုင်ရဲ့ဖြစ်စဥ်နဲ့ ပတ်သက်လို NUG ကာကွယ်ရေးဝန်ကြီးဌာန၊ NUG တရားရုံးနဲ့ ဝက်လက်ပကဖ၊ ပအဖ၊ ပလဖ အဖွဲ့တွေက လက်ရှိအချိန်အထိ ဒီဖြစ်စဥ်အပေါ် တရားဝင်သတင်းထုတ်ပြန်မှုမရှိဘဲ ဖုံးဖိထားဆဲဖြစ်ပြီး ဒီလိုမျိုး လေလှိုင်းအစိုးရနဲ့ လက်နက်ရမှ ပြည်သူကို အာဏာပြတဲ့သူတွေဟာ အညာနဲ့ပြည်သူတွေအဖို့တော့ “ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီးကျားထက်ဆိုးနေပြီ”ပဲ ဖြစ်ပါတယ်။
◾ NUG PDF တွေရဲ့ ပစ်မှတ်ဖြစ်လာတဲ့ အနုပညာရှင်
တပ်မတော်ကို ထောက်ခံတဲ့ အနုပညာရှင်တွေကို မကြာခဏတိုက်ခိုက်သတ်ဖြတ်နေတဲ့ NUG နဲ့ PDF တွေဟာ Myanmar Idol က တစ်ဆင့် လူသိများလာသူ အဆိုတော်ဇင်ကြီးကို ၂၀၂၂ ခုနှစ် ဇွန်လ ၅ ရက်မှာ Ultimate Revolutionary Movement Team PDF အဖွဲ့က သတ်ဖြတ်ခဲ့ပြီး ဒီသတ်ဖြတ်မှုမှာလည်း မသက်ဆိုင်တဲ့ မပပလင်းဆိုသူ အမျိုးသမီး ကျည်ထိသေဆုံးခဲ့ရပါသေးတယ်။ ဒါ့အပြင် ယဉ်လက်၊ — တို့နေအိမ်အနီး ဗုံးခွဲခံရတာလည်း လုပ်ကြပါသေးတယ်။ တကယ်တော့ အနုပညာရှင်ဆိုတာဟာ ဘယ်အစိုးရတက်တက် သူ့တို့နဲ့ ဖျော်ဖြေမှုအပါအဝင် နိုင်ငံတော်အဆင့်အလိုက် ပတ်သက်မှုတွေရှိကိုရှိနေတာပါ။ ဒါကို လက်မခံနိုင်ဘဲ ၂၀၂၃ မေလ ၃၀ ရက်မှာလည်း အဆိုတော်လီလီနိုင်ကျော်ကို PDF အဖွဲ့တစ်ခုဖြစ်တဲ့ Special Task Force – STF အဖွဲ့က သတ်ဖြတ်လိုက်တာတွေအပြီးမှာ အနုပညာရှင်တွေဘက် တစ်ကျော့ပြန် ခေါင်းလှည့်လာပြီး ရန်အောင်၊ ဖြူဖြူထွေး၊ ယုန်လေးတို့ကို သတ်ဖို့ လုပ်လာတာပါ။
ဒီလုပ်ကြံမှုတွေမှာဆို နိုဝင်ဘာ ၁၄ ရက်က တပ်မတော်ထောက်ခံတယ်လို့စွပ်စွဲပြီး အကယ်ဒမီများရှင် ရန်အောင်ရဲ့ နေအိမ်ကို Dark Shadow PDF က ဗုံးခွဲခဲ့သလို ဆယ်လီအနုပညာရှင်ဖြူဖြူထွေးကိုလည်း Haosu Balm ဆေးပရုတ်ဆီ ကြော်ငြာကို မယ်တော်ဟောင်စုဆေးပရုတ်ဆီအဖြစ်ကြော်ငြာမှုမှာ ဒေါ်အောင်ဆန်းစုကြည်ကို တုပစော်ကားတယ်လို့ စွပ်စွဲပြီး ဒီဇင်ဘာ ၂၄ ရက်မှာ Black Hero UG PDF နဲ့ ဒီဇင်ဘာ ၂၅ ရက်တွင် Dark Shadow PDF တို့က သတ်ဖြတ်မယ်ခြိမ်းခြောက်ခဲ့တဲ့အပြင် NLD ၊ NUG နဲ့ PDF ထောက်ခံသူတွေ ထောက်ပို့တွေကလည်း ဖြူဖြူထွေးကိုသတ်ဖြတ်တဲ့ PDF အဖွဲ့ကို ဆုငွေချီးမြှင့်မယ်လို့လည်း သတင်းလွှင့်ခဲ့ကြတာပါ။ ဒီနေ့မှာလည်း NLD ၊ NUG နဲ့ PDF ထောက်ခံသူတွေ ထောက်ပို့တွေက သတ်ဖြတ်ပေးဖို့ ဆုကြေးမကြာခဏအထုတ်ခံနေရတဲ့ အဆိုတော်ယုန်လေးကို ဗုံးခွဲ တိုက်ခိုက်မှုဖြစ်ပွားလာခဲ့တာပါ။
နိုင်ငံ့ခေါင်းဆောင်တွေကို ဝန်းရံမှုသူတွေက သူတို့ခေါင်းဆောင်ကို မနှစ်သက်သူတွေကို ထိုးနှက်တိုက်ခိုက်မှုနဲ့ အဆင့်အတန်းအလိုက် အကဲဖြတ် ကြည့်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်၊ NLD ၊ NUG နဲ့ PDF တွေကို ထောက်ခံတဲ့လူအုပ်စုက အောက်တန်းအကျဆုံးဝန်းရံသူတွေလို့ အတိအကျပြောရမှာပါ။ တပ်မတော်အစိုးရနဲ့၊ စစ်အုပ်ချုပ်ရေးကာလတွေမှာ နိုင်ငံ့ခေါင်းဆောင်တွေကို ထိုးနှက်တိုက်ခိုက်ကြတာ မပြောလိုပေမဲ့ ဒီမိုကရေစီခေတ်မှာ ဦးသိန်းစိန်လို ကမ္ဘာကအသွင်ကူးပြောင်းရေးခေါင်းဆောင်ကောင်းလို့ အသိအမှတ်ပြုခံရပြီး ငြိမ်းချမ်းစွာအာဏာလွှဲပေးခဲ့သူကို ရင့်သီးရိုင်းစိုင်းစွာ ထိုးနှက်တိုက်ခိုက်ခဲ့တာကလည်း ဒေါ်အောင်ဆန်းစုကြည်၊ NLD ၊ NUG နဲ့ PDF တွေကို ထောက်ခံတဲ့လူအုပ်စုပဲ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က ထိုးနှက်ခံရမှုက ဦးသိန်းစိန် တိုက်ခိုက်ခံရတာရဲ့ ခြေမှုန်သာသာပဲ ရှိပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်၊ NLD ၊ NUG နဲ့ PDF တွေကို ထောက်ခံတဲ့လူအုပ်စုကတော့ သူတို့မထောက်ခံတဲ့လူမှန်သမျှကို ဒီမိုကရေစီနဲ့ဆန့်ကျင်ဘက်အဖြစ် “သူလျို၊ ဒလန်၊ နစကယန္တရားလည်ပတ်စေသူ”လို့ တံဆိပ်ကပ်ပြီး အသက်တွေ၊ ဘဝတွေ ပျက်အောင်၊ လူ့လောကမှာဆက်ရပ်တည်မရတော့အောင် ပုံကြီးချဲ့ ထိုးနှက်ကြတာပါ။ ဒီလိုလုပ်ရပ်ဟာ ဖြူဖြူထွေးလို အမျိုးသမီးငယ်တစ်ယောက်ကို တကယ်တမ်းလည်း မြန်မာပြည်မှာ ၂၀၀၇ ခုနှစ်ကတည်းက ထုတ်လုပ်ရောင်းချနေတဲ့ ဟောင်စုဆေးပရုတ်ဆီကြော်ငြာချိန် မယ်တော်ဟောင်စုဆေးပရုတ်ဆီလို့ ကြော်ငြာမိပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး အနီးစပ်ဆုံး ကောက်ချက်ယူစရာအဖြစ် “၇၉” ဆိုတဲ့ ကိန်းဂဏန်းတစ်ခုနဲ့တင် သတ်ဖို့ဖြတ်ဖို့ ဝိုင်းဝန်းလှုံ့ဆော်နေကြတာ ရွံစရာဖြစ်သလို ဒီလိုအတွေးအခေါ်မျိုးနဲ့ ဒီမိုကရေစီလိုချင်နေသရွေ့လည်း နောက်ပြန်လှိုင်းထဲ မကြာခဏ မျောပါနေမှာမို့ ကိုယ့်လူလုပ်ရင် အမှန်၊ သူ့လူတလွဲလုပ်မှဒီမိုကရေစီဆိုတဲ့ စံနှစ်မျိုးထားရှိမှု စံလွဲတွေပယ်ဖျက်ဖို့လည်းဒီမိုကရေစီလိုချင်တယ်ဆိုသူတွေက ကိုယ့်အသိဉာဏ်ကိုယ်မြှင့်ရင်း သူတစ်ပါးဘဝ၊ အသက်ဖျက်ဆီးခြင်းကို ရပ်တန့်ပါလို့ တောင်းဆိုရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက် ရပ်နားပါရစေ။