၃၀.၁၂.၂၀၂၄
Translated by Htwe Ko Tun
မြန်မာနိုင်ငံမြောက်ပိုင်းတွင် ဒုစရိုက်အုပ်စုများအဖြစ်အခြေစိုက်၍ တရုတ်နိုင်ငံသားများအပေါ် အွန်လိုင်းမသမာ လိမ်လည်မှုများနှင့် အခြားသော ရာဇဝတ်မှုများပြုလုပ်ခဲ့ကြသည့် ကျားဖြန့်ဂိုဏ်းများမှ အဓိကအဖွဲ့ဝင်စုစုပေါင်း ၃၉ ဦးကို ဒီဇင်ဘာလ ၃၀ ရက်တွင် တရားစွဲခဲ့ကြောင်း တရုတ်နိုင်ငံပိုင် Xinhua သတင်းဌာနက ဖော်ပြခဲ့သည်။
တရားခံများတွင် မောင်မျင်းရှောင့်ဖင်နှင့် မသီရိမောင်ဆိုသူတို့လည်းပါဝင်ပြီး ၎င်းတို့ဆိုလျှင် လိမ်လည်မသမာမှု၊ ရည်ရွယ် ချက်ရှိရှိဖြင့် လူသတ်မှု၊ ရည်ရွယ်ချက်ရှိရှိဖြင့် ထိခိုက်နာကျင်စေမှု၊ ဥပဒေနှင့် မညီသော ဖမ်းဆီးချုပ်နှောင်မှုပြုမှု၊ ကာစီနိုလောင်းကစားများလည်ပတ်မှု၊ မူးယစ်ဆေးဝါး မှောင်ခိုကူးသန်းရောင်းဝယ်မှုနှင့် ပြည့်တန်ဆာလုပ်ငန်း စုစည်းတည်ထောင်မှုစသည့် စွဲချက်များဖြင့် တရားစွဲခံထားရကြောင်း သိရသည်။
အမှုကို တရုတ်နိုင်ငံအရှေ့ပိုင်း ကျိကျင်(Zhejiang) ပြည်နယ်ရှိ ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သော ဝမ်ဇိုမြို့ (Wenzhou)ရှိ တရားရုံးတစ်ရုံးတွင် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
ဝမ်ဇိုမြို့ ရှိဥပဒေကိုယ်စားလှယ်များက နိုင်ငံဖြတ်ကျော်ကျူးလွန်ခဲ့သော ထိုအမှု၏တရားခံ ၁၆ ဦးမှာ မြန်မာနိုင်ငံသားများဖြစ်ကြောင်း ပြောခဲ့သည်။ ထို့ပြင် ဒုစရိုက်ဂိုဏ်းများနှင့် ပါဝင်ပတ်သက်မှုရှိသည်ဟု အခြားသံသယရှိရသူ ထောင်နှင့်ချီ၍ လည်း ဝမ်ဇိုနှင့် တရုတ်နိုင်ငံတစ်ဝန်း အခြားနေရာများတွင် စုံစမ်းဖော်ထုတ်နေကြောင်း သိရသည်။
တရုတ်နိုင်ငံသားများအဖို့ ၎င်းတို့၏ဘဝများနှင့်အတူယွမ်ငွေဘီလျံပေါင်းများစွာဆုံးရှုံးခဲ့ရသည့် အွန်လိုင်းမသမာလိမ်လည်မှုပေါင်း ၁၀,၀၀၀ ကို ကျူးလွန်ပတ်သက်ခဲ့သူများအား တိုင်ကြားထားသည်။ တရုတ်ဥပဒေအရာရှိများကလည်း အဆိုပါအမှုများတွင် တရုတ်အစိုးရ၏နိုင်ငံနှင့်ပြည်သူတို့၏ တရားဝင်အခွင့်အရေးများနှင့် အကျိုးစီးပွားများကို တရုတ်အစိုးရက ကာကွယ်ရန်ရည်ရွယ်သည်ဟူသော အချက်ကိုပေါ် လွင်စေရန် အလေးအနက်ထားဆောင်ရွက်နေခြင်းဖြစ်သည်။
၎င်းတို့က “ဒီအမှုတွေက တရုတ်နိုင်ငံနဲ့ နယ်စပ်မှာဖြစ်ခဲ့တာပဲ။ အထူးသဖြင့်ကလည်း တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားတယ်။ နိုင်ငံတကာအဖွဲ့အစည်းရဲ့ အကျိုးစီးပွားကို ထိခိုက်စေတယ်။ ဒါကြောင့် တရုတ် နိုင်ငံအနေနဲ့ နိုင်ငံရဲ့ ရာဇဝတ်ဥပဒေနဲ့ အပြည်ပြည်ဆိုင်ရာစာချုပ်စာတမ်းတွေအရ တရားစီရင်မှုပြုရတာပဲ” ဟု ပြောခဲ့သည်။
ဥပဒေစိုးမိုးရေးတပ်ဖွဲ့များ၏ညှိနှိုင်းဆောင်ရွက်မှု ယန္တရားအရ တရုတ်နှင့် မြန်မာ ရဲတပ်ဖွဲ့များက နှစ်ဖက်စလုံးတွင်စုံစမ်းထောက်လှမ်းမှုများ၊ သက်သေအထောက်အထားစုဆောင်းမှုများ၊ လူတွေ့မေးမြန်းမှုများနှင့် တရားခံများကို ဖမ်းဆီး လွှဲပြောင်းပေးမှုများ ပြုလုပ်ခဲ့ကြသည်။
တရုတ်အစိုးရရှေ့နေများက ၎င်းတို့အနေဖြင့် ဥပဒေကြောင်းအရ ကြီးကြပ်မှု၊ တရုတ်နိုင်ငံ၏ ရာဇဝတ် ပြစ်မှုဥပဒေအရ လိုက်လျောနိုင်မှုကို အာမခံမှု၊ ပြည်ပမှ သက်သေအထောက်အထားစုဆောင်းမှုများအတွက် ဆက်စပ်နေသော စည်းမျဉ်းများကို လိုက်နာမှုတို့ဖြင့်ဆောင်ရွက်ကာ ဥပဒေနှင့်အညီဖြစ်စေရမည်ဟု ပြောခဲ့သည်။
ထို့ပြင် ၎င်းတို့က မြန်မာနိုင်ငံသားတရားခံများအားတရားစီရင်မှုပြုနေစဉ် ၎င်းတို့၏အခွင့်အရေးများအား အကြောင်းကြားအသိပေးမှု၊ တရားခံရှေ့နေများခန့်ထားရာတွင်ချောမွေ့စေမှုနှင့် ဥပဒေကြောင်းအရ အထောက်အပံ့ပေးမှုတို့ကိုလည်းပြုလုပ်သွားမည်ဟု ကတိပြုခဲ့ကြသည်။ ဘာသာပြန်များ ပံ့ပိုးခန့်ထားပေးရန်နှင့်ကောင်စစ်ဝန်ရုံးနှင့် ဆက်သွယ်အကူအညီတောင်းခံရန်တို့အတွက်လည်း အာမခံခဲ့သည်။
Ref-Xinhua