၃၀. ၁၂. ၂၀၂၄
Written by Hey Mar
လွတ်လပ်ရေးအောင်ပွဲ အထိမ်းအမှတ်အဖြစ် လာမယ့် ဇန်နဝါရီလ ၇ ရက်နေ့မှာ အင်းစိန်မြို့ နာမည်ကျော် အာလိန်ငါးဆင့်ဘုရားတည်ရှိရာ မဟာဆေးဝင်္ကဘာကျောင်းတိုက်ရှေ့မှာ ငါးရက်တိုင်တိုင် ဈေးပွဲတော်ခင်းကျင်းကာ ပျော်ပွဲရွှင်ပွဲတွေပါထည့်သွင်းပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
နှစ်စဉ်နှစ်တိုင်း ခရစ်စမတ်ပွဲတော်အပြီး ဒီဇင်ဘာ ၂၆ ရက်နောက်ပိုင်း ကရင်နှစ်သစ်ကူးပွဲတော်နဲ့ ဒုံးအက ပြိုင်ပွဲတွေကို မဟာဆေးဝင်္ကဘာ ကျောင်းတိုက်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ခြောက်ဆယ်ကျော်ကတည်းက ကျင်းပလာခဲ့တာလည်း ဖြစ်ပါတယ်။
“ဒီနှစ်က ဆေးဝင်္ကဘာကရင်နှစ်သစ်ကူးပွဲ မဟုတ်ပါဘူး။ ကျောင်းတိုက်က ငါးနှစ်လောက်ပိတ်ထားတော့ ပြိုတာပျက်တာတွေ အကြီးစားပြင်ရမှာတွေရှိလို့ ဒီနှစ်လည်း ကရင်နှစ်သစ်ကူးပွဲတော် မကျင်းပဖြစ်ဘူး”လို့ ကျောင်းနေသံဃာတစ်ပါးက MT News ကို မိန့်ပါတယ်။
အခုကျင်းပမယ့် ပွဲတော်က ဆေးဝင်္ကဘာကျောင်းတိုက်က ကျင်းပပြုလုပ်တာမဟုတ်ဘဲ အင်းစိန်မြို့နယ်ရဲ့ တာဝန်ရှိသူတွေက ဦးစီးပြုလုပ်တဲ့ လွတ်လပ်ရေးနေ့အောင်ပွဲအထိမ်းအမှတ် ပွဲဈေးတစ်ခုလို့ ပွဲဖြစ်မြောက်ရေးကော်မတီဝင်လည်းဖြစ်ပြီး ဆိုင်ခန်းနေရာရောင်းချနေတဲ့ တာဝန်ရှိသူက ဆိုပါတယ်။
သူက “ဆိုင်ပေါင်း ၂၇၀ လောက်ပါမယ်။ အင်းစိန်ပန်းခြံထိပ် မီးပွိုင့်ကနေ ဇိအုန်ကုန်း မှတ်တိုင်အထိ နှစ်မှတ်တိုင်စာလောက်ကို အကွက်ဖော်ပေးထားတယ်၊ ၈ ပေ ၉ ပေ ဆိုင်ခန်းအကျယ်ပဲ။ အလယ်က ကျပ် ၁၅၀၀၀၀၊ ဘေးက ကျပ်နှစ်သိန်း။ ပွဲဈေးငါးရက်ကျင်းပမှာ၊ ရဟတ်တွေ၊ ပင်လယ်ဓားပြလှေနဲ့ ဒုံးပျံ အပျော်စီးယာဉ်တွေလည်း ပါမှာပါ လို့”ပြောပါတယ်။
ပွဲဝင်မယ့်ဆယ့်နှစ်ပွဲဈေးသည်တွေက အခု လမ်းမတော်ပွဲဈေးကြီးပြီးတာနဲ့ အသေးစားပြင်ဆင်မှုတွေ ပြုလုပ်ပြီး အင်းစိန် ဆေးဝင်္ကဘာရှေ့ ခင်းကျင်းကြမှာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ ဆိုင်ခန်းပေါင်း ၈၀ ကျော် ရောင်းချထားရပြီး ဖြစ်ပါတယ်။ ဒီနေ့ ဒီဇင်ဘာ ၃၀ ရက်နေ့က ကရင်နှစ်သစ်ကူးနေ့လည်း ဖြစ်တာကြောင့် ဗုဒ္ဓဘာဝင် ကရင်လူမျိုးတချို့လည်း ဆေးဝင်္ကဘာ ကျောင်းတိုက်ဖွင့်လှစ်ထားတာနဲ့ ကြုံကြိုက်တာမို့ ဝင်ရောက်လည်ပတ်နေကြတာလည်း တွေ့ရပါတယ်။