၃၀.၁၂.၂၀၂၄
Translated by Htwe Ko Tun
တောင်ကိုရီးယားနိုင်ငံမှ Jeju လေကြောင်းလိုင်းလေယာဉ်တစ်စင်းမှာ ဒီဇင်ဘာလ ၃၀ ရက်နံနက်တွင် ဆိုးလ်မြို့၊ ဂင်ပို လေဆိပ်မှ ဂျေးဂျူးကျွန်းသို့သွားရန်ပျံတက်လာခဲ့ပြီးနောက် လေယာဉ်ဘီးချမရသော ပြဿနာဖြစ်ပေါ်နေသဖြင့် လေဆိပ်သို့ ပြန်လည်ဆင်းသက်မှုပြုခဲ့ရကြောင်း လေကြောင်းလိုင်းမှ ပြောကြားခဲ့သည်။
လေယာဉ်မှာ ပျံသန်းမှုခရီးစဉ် 7C101 အရ ခရီးသည် ၁၆၁ ဦးတင်ဆောင်လျက် ဂင်ပိုလေဆိပ်မှ နံနက် ၆ နာရီ ၃၇ မိနစ်တွင်ပျံတက်ခဲ့ပြီးနောက် လေယာဉ်၏ ဘီးကပြန်လည်ချမရသော စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုဖြစ်နေသည်ကို လေယာဉ်မှူးက တွေ့ရှိခဲ့သည်။ ထို့ကြောင့်လည်း ခရီးသည်များအားအသိပေးကာ ဂင်ပိုလေဆိပ်သို့ နံနက် ၇ နာရီ ၂၅ မိနစ်တွင် ဘေးကင်းစွာပြန်လည်ဆင်းသက်နိုင်ခဲ့ခြင်းဟု သိရသည်။
ထိုလေယာဉ်က ဒီဇင်ဘာလ ၂၉ ရက်တွင် တောင်ကိုရီးယားနိုင်ငံ Muan လေဆိပ်သို့အဆင်းတွင် လေယာဉ်ဘီးချမရဖြစ်ကာခြံစည်းရိုး ကွန်ကရစ်နံရံနှင့်တိုက်မိပြီး မီးလောင်ပေါက်ကွဲခဲ့ရသော Jeju လေကြောင်းလိုင်းလေယာဉ်နှင့် တူညီသည့် ဘိုးရင်း ၇၃၇-၈၀၀ အမျိုးအစားလေယာဉ်ဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါလေယာဉ်မီးလောင်ပေါက်ကွဲမှုတွင် လေယာဉ်ပေါ်ပါသူစုစုပေါင်း ၁၈၁ ဦးအနက် ၁၇၉ ဦး အသက်ဆုံးရှုံးခဲ့ရသည်။ ယနေ့ဆင်းသက်မှုတွင်မူ လေယာဉ်ကို ဂင်ပိုလေဆိပ်သို့ခရီးသည်များအား အထိအခိုက်မရှိဘဲပြန်လည်ဆင်းသက်နိုင်ခဲ့ကြောင်းလည်း သိရသည်။ ခရီးသည်များအား လေကြောင်းလိုင်း၏ အခြားသော ဘိုးရင်း ၇၃၇-၈၀၀ လေယာဉ်တစ်စီးပေါ်သို့ ပြောင်းရွှေ့ပြီးနောက် ဂျေးဂျူးကျွန်းသို့ ပို့ဆောင်ပေးခဲ့ကြောင်း လေကြောင်းလိုင်းက ပြောခဲ့သည်။
Jeju လေကြောင်းလိုင်းက ဘိုးရင်း ၇၃၇-၈၀၀ လေယာဉ် ၄၁စီး ပိုင်ဆိုင်ထားသည့်အနက် ယင်းလေယာဉ် ၃၉ စီးဖြင့်လေကြောင်းပြေးဆွဲမှုများပြုနေခြင်းဖြစ်သည်။
Ref- Yonhap