◾️ ယနေ့ နိုင်ငံတော်တွင် လိုအပ်လျက်ရှိသော တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တိုင်းရင်းသား ပြည်သူအားလုံးက ဝိုင်းဝန်းဆောင်ရွက်ရမည်ဟုပါ ပြောကြား
၃၀. ၁၂. ၂၀၂၄
Written by Nyein Kyaw
ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမှုများကို အမြဲတံခါးဖွင့်ထားကြောင်းနှင့် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးထားသည့် သဘောထားမှတ်ချက်များကိုလည်း နောင်လာမည့် လွှတ်တော်တွင် အတည်ပြုနိုင်ရန် မှတ်တမ်းတင်ထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ရောက်ကျသည့် ကရင်အမျိုးသားးနှစ်သစ်ကူးနေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် ထည့် သွင်းပြောကြားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိပြီး နှစ်ဖက်ဆွေးနွေးချက်များမှရရှိလာသည့် သဘောထားမှတ်ချက်များကိုလည်း နောင်လာမည့် လွှတ်တော်အစည်းအဝေးများတွင် ဆွေးနွေးအတည်ပြုနိုင်ရန် မှတ်တမ်းတင်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တွေ့ဆုံဆွေးနွေးမှုများအတွက် အစဉ်အမြဲ ဖိတ်ခေါ်ကြိုဆိုပြီး တံခါးဖွင့်ထားကြောင်း၊ ရှေ့ဆက်၍လည်း ငြိမ်းချမ်းရေးအတွက် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
နိုင်ငံ့စီးပွားတိုးတက်ရေး၊ နိုင်ငံအတွင်းရှိ ပြည်သူများ၏ လူမှုဘဝမြင့်မားရေး ပြည်ထောင်စုတစ်ဝန်း အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ငြိမ်းချမ်းရေးသည် အခြေခံအုတ်မြစ်တစ်ခုဖြစ်သည်။ မိမိတို့နိုင်ငံသည် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ကိုလိုနီနယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်ခဲ့မှုကြောင့် တိုင်းရင်းသား ညီနောင်များအချင်းချင်း အထင်အမြင်လွဲမှားကာ ယနေ့အချိန်အထိ လက်နက်ကိုင်ပဋိပက္ခများဖြင့် မတည်မငြိမ်၊ မအေးမချမ်းဖြစ်နေခြင်းကို သတိထားသင့်ကြကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှုရှိစေရေးအတွက် ယနေ့ မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိကြောင်း။ တိုင်းရင်းသားများအချင်းချင်း အပြန်အလှန်လေးစားခြင်း၊ တစ်ဦးနှင့်တစ်ဦးအကြား ပူးပေါင်းဆောင်ရွက်မှုဖြစ်ပေါ်စေပြီး နားလည်မှုလွဲမှားခြင်းနှင့် ပဋိပက္ခများကို လျှော့ချကာ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းနိုင်ကြကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ယနေ့ နိုင်ငံတော်တွင် လိုအပ်လျက်ရှိသော တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကရင်ပြည်နယ်မှ ကရင်တိုင်းရင်းသားများ အပါအဝင် တိုင်းရင်းသား ပြည်သူအားလုံးက ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ကရင်ပြည်နယ်အပါအဝင် မိမိတို့နေထိုင်ရာ နေရာဒေသများအတွင်း တိုက်ပွဲများနှင့် ဆူပူအကြမ်းဖက်မှုများ လျော့နည်းပပျောက်လာစေရန် အချင်းချင်းဝိုင်းဝန်းဆောင်ရွက်ပြီး တိုင်းရင်းသားများအားလုံး စည်းလုံးညီညွတ်ခြင်းဖြင့် ပြည်ထောင်စုကြီး အေးချမ်းသာယာဝပြောရေး ဖော်ဆောင်ကြကာ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံဖြိုးတိုးတက်မှုရလဒ်ကောင်းများကို ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။