၃၀. ၁၂. ၂၀၂၄
Written by Nay Moe
DKBA လက်နက်ကိုင်အဖြစ်မှ ကြို့ပင်ကောက် PDF တပ်ဖွဲ့ဝင် ဖြစ်လာသူသုံးဦးက ကြို့ပင်ကောက် PDF နှစ်ဦးကို သတ်ဖြတ်ကာ လက်နက်ခဲယမ်း ယူဆောင်ထွက်ပြေးမှုဖြစ်ပွားခဲ့သည်ဟု NUG ဩဇာခံ တောင်ပိုင်းတိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ ၂၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ(၁) Dragon Brothers (GBK – PDF) ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဥ်မှာ တောင်ပိုင်းတိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ ၂၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ(၁)Dragon Brothers (GBK – PDF)ထံ DKBA အဖွဲ့တစ်ခုမှ အသစ်ဝင်ရောက်လာသည့် ရန်နိုင်(ခ)ကြက်ဖ၊ စောနေလင်း၊ ချစ်ထွေးနှင့် တပ်ဘက်မှလွှတ်ထားသည်ဆိုသော လင်းထိုက်တို့ ၄ ဦးအနက် ၃ ဦးသည် တပ်ဖွဲ့ထဲ ဝင်ရောက်လာချိန် ၁ လအတွင်း ပြည်သူများကို လက်နက်ကိုင်ရမ်းကားခြင်း၊ တပ်ဖွဲ့စည်းကမ်းများကို မလိုက်နာသောကြောင့် တပ်ဖွဲ့မှ ထုတ်ပယ်ထားသည်ဟု ဆိုသည်။
ထိုသို့ တပ်ဖွဲ့မှ ထုတ်ပယ်၍ စခန်းမှ ထွက်ခွာခွင့်ပေးထားသော်လည်း မထွက်ခွာဘဲ ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲ ၂ နာရီ ခွဲခန့်တွင် ရှေ့တန်းစခန်းမှ ကင်းပတ်နေသည့် ရဲဘော်များအား ပထုတ်၍ လက်နက်ခဲယမ်းများ ယူဆောင်ထွက်ပြေးရန် ကြိုးစားခဲ့သည်။ ထိုသို့ လက်နက်ခဲယမ်းများ ယူဆောင်ထွက်ပြေးမည်ကိုသိ၍ မယူဆောင်ရန် ပြောဆိုသည့် ရဲဘော်ချစ်ထွေးအား ၎င်းတို့ ၃ ဦးမှ လက်နက်ခဲယမ်းများ မယူဆောင်တော့ကြောင်း ပြောဆိုပြီး အနီးသို့ အယုံသွင်းခေါ်ကာ ရဲဘော်ချစ်ထွေး၏ ဦးခေါင်းအား တစ်တောင့်ထိုးသေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု GBK – PDF က ပြောသည်။
အဆိုပါပစ်ခတ်သည့် သေနတ်သံကြား၍ အနီးသို့ရောက်ရှိလာသည့် ရဲဘော်ကိုနိုင် – ကိုယ်ပိုင်အမှတ် P23802095 အား ရင်ဘတ်ကို M4 သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားပြီး M4 သေနတ် ၁ လက်၊ M4 ကျည်ဘောက် ၁ ခု၊ ကျည် ၁၇ တောင့်၊ တစ်တောင့်ထိုး သေနတ် ၁ လက်တို့ ခိုးယူထွက်ပြေးသွားကြသည်ဟုလည်း GBK – PDF က ပြောသည်။
ထို့ကြောင့် ရဲဘော်ချစ်ထွေးနှင့် ရဲဘော်ကိုနိုင်တို့အား သတ်ဖြတ်ပြီး လက်နက်ခဲယမ်းများ ယူဆောင်ထွက်ပြေးသွားကြသူ ရန်နိုင်(ခ)ကြက်ဖ၊ စောနေလင်းနှင့် လင်းထိုက်တို့ ၃ ဦးအား အခြားသော တော်လှန်ရေးအဖွဲ့အစည်းများ လက်ခံခြင်းမပြုကြရန် အသိပေးအပ်ကြောင်းလည်း GBK – PDF က ထုတ်ပြန်တောင်းဆိုထားသည်။