၃၀. ၁၂. ၂၀၂၄
Written by Nyein Kyaw
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းနှင့် စက်မှုလုပ်ငန်းကဏ္ဍတို့တွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁ ခုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂ ခုတို့ကို အတည်ပြုပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၂/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးမှ သိရသည်။
အဆိုပါရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ ကျပ် ၁,၁၈၀ သန်း (ကျပ်တစ်ဘီလျံကျော်) နှင့် ဒေါ်လာ ၂ ဒသမ ၂၂၀ သန်းဖြစ်ပြီး ပြည်တွင်းရှိ အလုပ်သမား ၂,၄၄၀ အထိ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်မည်ဖြစ်သည်။
အဆိုပါအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပြီး အထွေထွေကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ ၁၃ ခု၏ တင်ပြချက်များကိုလည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ရှစ်လအတွင်း မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုမှာ သီလဝါအထူးစီးပွားရေးဇုန်အတွင်း ရင်းနှီးမြှုပ်နှံမှု ထပ်မံတိုးချဲ့မှု ဒေါ်လာ ၃၅ သန်းကျော်အပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၂၇၁ သန်းကျော် ခွင့်ပြုပေးထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှ သိရသည်။