၃၀.၁၂. ၂၀၂၄
Written by Hey Mar
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ သာကေတ(၁)၊ အနော်မာရပ်ကွက်၊ မင်းနန္ဒာလမ်း၊ Capital ရှေ့မှာ ကားမီးလောင်မှုဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ် ဒီနေ့ ဒီဇင်ဘာ ၃၀ ရက်နေ့ မနက် ၃ နာရီ မိနစ် ၄၀ ဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီသွားရောက်ခဲ့တဲ့ အောင်ရဲသူလူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ကားမီးလောင်ကျွမ်းနေကြောင်း ရပ်ကွက်နေပြည်သူတွေက မြင်တွေ့ကာ သက်ဆိုင်ရာ တာဝန်ရှိသူတွေထံ အကြောင်းကြားလာတာလို့ သိရှိရပြီး အဆိုပါ မီးလောင်မှုကို သာကေတမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။
“ကားက တစ်စီးလုံးလောင်သွားတာ။ အင်ဂျင်ခန်းပါ သက်ဆိုင်ရာတာဝန်ရှိသူတွေဖွင့်ပေမယ့် ကားကဖွင့်မရတော့လို့ နောက်ခန်းကနေပဲ မီးသတ်ပိုက်ထိုးပြီး ငြှိမ်းရတာကို ကူပေးခဲ့ရပါတယ်။ ကျွန်တော်တို့တွေရောက်တော့ ယာဉ်မောင်းက ပြေးသွားပြီ။ ယာဉ်မောင်းက ကလေးချီပြီး ထွက်ပြေးသွားတာ။ အနီးအနားက တွေ့တဲ့သူတွေလည်း တွေ့လိုက်ကြတယ်” လို့ သာကေတအခြေစိုက် အောင်ရဲသူလူမှုကူညီရေးအသင်းက MT News ကို ပြောပါတယ်။
ဒီဇင်ဘာ ၂၅ ရက်နေ့ မနက်အစောပိုင်းကလည်း လှည်းတန်းကုန်းတံတားပေါ်မှာ အရက်မူးပြီးမောင်းလာတဲ့ ပါရာဒိုကားတစ်စီးက တံတားပလက်ဖောင်းပေါ် ကျော်တက် ပွတ်တိုက်မောင်းရာက မီးပွင့်ပြီး တစ်စီးလုံးလောင်ကျွမ်းခဲ့သလို အဲဒီနေ့ ညပိုင်းမှာပဲ ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မင်္ဂလာတောင်ညွှန့်ကြီးရပ်ကွက်၊ စက်ရုံလမ်းမ၊ (၁၅)ပေကုန်းတံတားပေါ်မှာ သက်ကြီးပိုင်းအမျိုးသားတစ်ဦးမောင်းနှင်လာတဲ့ Range Rover အမျိုးအစားယာဉ် ဘတ္ထရီကလစ်ခေါင်းချောင်နေရာကနေ အပူလွန်ကာ မီးပွင့်ထွက်လောင်ကျွမ်းခဲ့ပါသေးတယ်။