၂၉. ၁၂. ၂၀၂၄
Written by Nay Moe
မိတ္ထီလာမြို့ ကျီတော်ကုန်းရပ်ကွက်မှာ မိခင်နဲ့သမီး အမျိုးသမီး (၂)ဦး လည်လှီးသတ်ဖြတ်ခံရမှု ဒီနေ့ည ၇ နာရီခွဲအချိန်ခန့်က ဖြစ်ပွားခဲ့တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။
ဖြစ်စဥ်က ဒီနေ့ည ၇ နာရီခွဲကျော်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး မိတ္ထီလာမြို့၊ ကျီတော်ကုန်းရပ်ကွက်၊ ဝမ်းတော်ပြည့်တိုးချဲ့က နယ်မြေ ၈ က နေအိမ်တစ်ခုမှာ အမျိုးသမီးနှစ်ယောက်ဟာ ထိုးသွင်းဒဏ်ရာ၊ လည်လှီးသတ်ဖြတ်ခံရဒဏ်ရာတွေနဲ့သေဆုံးနေတာဖြစ်သလို ကျုးလွန်သူနှစ်ဦးကို အခင်းဖြစ်နေရာတင် ဖမ်းမိခဲ့တဲ့အပြင် ကျူးလွန်သူတစ်ဦးကိုလည်း ထပ်မံဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူအမျိုးသမီးနှစ်ဦးဟာ မခိုင်…သင်းဆိုသူ အသက် ၁၉ နှစ်ခန့် အမျိုးသမီးငယ်နဲ့ ဒေါ်တင်…ဝင်းဆိုသူ အသက် ၅၃ နှစ်ခန့်အမျိုးသမီးတို့ဖြစ်ပြီး သတ်ဖြတ်သူသုံးဦးက အသက် ၂၂ နှစ်အရွယ် ထက်မင်းခန့်၊ အသက် ၁၉ နှစ်အရွယ် ခန့်ဇော်ဟိန်း၊ အသက် ၂၀ အရွယ် စွမ်းပြည့်ပိုင်ဆိုသူ သုံးဦးဖြစ်တယ်လို့ သိရပါတယ်။
ဖြစ်စဥ်ရဲ့ ကနဦးထွက်ဆိုချက်တွေအရ ခန့်ဇော်ဟိန်းဟာ သေဆုံးသူအမျိုးသမီးငယ်နဲ့ ရည်ငံနေသူဖြစ်တယ်လို့ ဆိုပြီး မိဘတွေက သဘောမတူတာကြောင့် လာရောက်ဆွေးနွေးချိန် အခြေအတင်ဖြစ်ရာက လူသတ်မှုကျူးလွန်တဲ့ပုံစံလို့လည်း သိရပါတယ်။
“ခန့်ဇော်ဟိန်းက တောင်သာ၊ ဝဲလောင်က။ သူက ကောင်မလေးနဲ့ သမီးရည်းစားကို မိဘကသဘောမတူဘူးလို့ပြောကြတယ်။ ကျန်တဲ့နှစ်ယောက်က တပ်ကုန်းက။ သတ်တာက ဓားမြှောင်သုံးချောင်းနဲ့ အိမ်ရှေ့ဧည့်ခန်းတင်အသတ်ခံရတာ။ အမျိုးသမီးကြီးက လည်ပါလှီးအသတ်ခံရတာ။ ပတ်ဝန်းကျင်က အော်သံကြားလို့ ဝိုင်းထားပြီး ရပ်ကွက်ရယ်၊ ပြည်သူ့စစ်ရယ်က ဝိုင်းဖမ်းမှ တရားခံတွေ ထွက်ပြေးမရဘဲ ဖမ်းမိတာ။ အစက မိတာ နှစ်ယောက်ပဲ။ ပိတ်ထားတဲ့အခန်းထဲ အိမ်ရှင်တွေနဲ့ ဝင်ရှာမှ ထက်မင်းခန့်ပါ မိတာ။ ဖမ်းပြီးမှ ရဲတွေရောက်လာတာ”လို့ မိတ္ထီလာမြို့က ပြည်သူ့စစ်အဖွဲ့ရဲ့ ထိပ်ပိုင်းတာဝန်ရှိသူတစ်ဦးက MT News ကို ကနဦးသိရသမျှ ရှင်းပြပါတယ်။
ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေက ဖုန်းဆက်အကူအညီတောင်းမှုအရ ပြည်သာယာလူငယ် လူမှုကူညီရေးအသင်း၊ မိတ္ထီလာမြို့နဲ့ ကျီတော်ကုန်းလူမှုကူညီရေးအသင်းတို့ပူးပေါင်းပြီး သေဆုံးသူအမျိုးသမီးနှစ်ဦးကို မိတ္ထီလာပြည်သူ့ဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပြီး ဖြစ်စဥ်အသေးစိတ်ကိုလည်း MT News က ဆက်လက် စုံစမ်းနေပါတယ်။