၂၉. ၁၂. ၂၀၂၄
Written by Phyo Wei
သီးထပ်စွမ်းအား တိုးတက်အောင် ဆောင်ရွက်နိုင်မယ်ဆို တစ်နှစ်စပါးဧက သန်း ၃၀ ကျော် စိုက်ပျိုးနိုင်မှာဖြစ်လို့ ဆန်စပါးဖူလုံရေး တိုးတက်လာမှာဖြစ်တယ်လို့ စိုက်ပျိုးနှင့်မွေးမြူရေးဖွံဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ ပြောကြားလာတဲ့ ဒီတစ်ပတ်မှာပဲ တပ်ဆင်မှုအစိတ်အပိုင်း တင်သွင်းနိုင်မှုအခြေအနေအရ Suzuki က Ertiga Hybrid ကားတွေကို အရေးအတွက်အနည်းငယ်ပဲ ထုတ်လုပ်နိုင်မယ်လို့ ပြောလာတာတွေနဲ့ ၂ဝ၂၅ ခုနှစ်အတွက် ပြည်ပက မော်တော်ယာဉ်တင်သွင်းမှုမှာ ထုတ်လုပ်တဲ့ခုနှစ် သတ်မှတ်ချက်ဟာ အရင်နှစ်အတိုင်း ပြောင်းလဲမှုမရှိတဲ့အတွက် ကားဈေးနှုန်းအပေါ် သက်ရောက်မှုမရှိနိုင်ဘူးလို့ ခန့်မှန်းချက်တွေ ရှိခဲ့ပါတယ်။
အခြားတစ်ဖက်မှာလည်း နိုင်ငံတော်အတွက် အကောက်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန် စတဲ့ အခွန်အရပ်ရပ်တွေ အပြည့်အဝကောက်ခံနိုင်ဖို့ လိုအပ်တယ်လို့ စီမံဘဏ္ဍာဝန်ကြီး မှာကြားလာတာ၊ ပြည်တွင်းမှာထုတ်လုပ်တဲ့ ကုန်ပစ္စည်းအုပ်စု ၈ မျိုးကို နိုင်ငံခြားကုမ္ပဏီတွေကို တင်ပို့ခွင့်ပြုမယ်ဆိုတာ၊ ဘဏ်နဲ့ဆက်သွယ်သူ တောင်သူဦးရေ များလာတာနဲ့အမျှ ကြွေးကျန်တွေလည်း ဖြစ်ပေါ်နေလို့ ကြွေးကျန်ရရှိရေး ထိရောက်စွာဆောင်ရွက်ဖို့ စီမံဘဏ္ဍာဒုဝန်ကြီး ပြောကြားမှုတွေနဲ့ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ (၂၀၂၄-၂၀၂၈) ထုတ်ပြန်ကြေညာလာတဲ့ဖြစ်စဉ်တွေရှိပေမဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ လျှပ်စစ်အကျပ်အတည်းအတွက် LNG နဲ့ ရေတိုဖြေရှင်းမယ်ဆိုတဲ့အကြောင်း၊ AA နဲ့ EAOs တွေ ထိန်းချုပ်မှုအောက် တရုတ်စီမံကိန်း ၂၃ ခုရောက်ရှိနေတယ်ဆိုတဲ့အကြောင်းနဲ့ ကျပ် ၁၄၈၀ လောက် ခုန်တက်တဲ့ ပို့ကုန်သွင်းကုန် ကြီးကြပ်ခွန်တွေအကြောင်းကို သုံးသပ်တင်ပြချင်ပါတယ်။
◾ လျှပ်စစ်အကျပ်အတည်းအတွက် ရေတိုဖြေရှင်းမယ့် LNG
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနေတဲ့ ဓာတ်အားပေးစက်ရုံတွေက ရင်းမြစ်အလိုက် စုစုပေါင်း တပ်ဆင်စက်အင်အား ၇၂၇၂ မဂ္ဂါဝပ်ရှိပြီး ဒီစက်တွေ စွမ်းအားပြည့်မောင်းနှင်လည်ပတ်နိုင်မယ်ဆို တစ်ရက်ကို ၄၀၀၀ မဂ္ဂါဝပ်ခန့် ထုတ်လုပ်ဖြန့်ဖြူးနိုင်မှာပါ။ နိုင်ငံတော်ရဲ့ ဓာတ်အားလိုအပ်ချက်က နှစ်စဉ် ၉ ရာခိုင်နှုန်းခန့် တိုးတက်သုံးစွဲလျက်ရှိလို့ တစ်ရက်အတွက် လျှပ်စစ်ဓာတ်အားပျမ်းမျှလိုအပ်ချက်က ၄၄၀၀ မဂ္ဂါဝပ်ဖြစ်ပေမဲ့ အကြမ်းဖက်သောင်းကျန်းသူတွေက ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ ဓာတ်အားလိုင်းတွေ ဖျက်ဆီးမှု၊ ရေအားလျှပ်စစ်စက်ရုံတွေနဲ့ အပူစွမ်းအင်သုံးစက်ရုံတွေက စွမ်းအားပြည့် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနိုင်မှုမရှိတာ၊ သဘာဝဘေးအန္တရာယ်ကြောင့် ဓာတ်အားပေးစက်ရုံတွေ ဓာတ်အားမထုတ်နိုင်တာ၊ ဓာတ်ငွေ့ ခွဲတမ်းလျော့နည်းရရှိမှုနဲ့ တပ်ဆင်ထားတဲ့စက်တွေ စက်စွမ်းအားပြည့် လည်ပတ်နိုင်မှုမရှိတာ စတာတွေကြောင့် စုစုပေါင်း ဓာတ်အား ၁၄၀၈ မဂ္ဂါဝပ်ခန့် လျော့နည်း ထုတ်လုပ်နေရပြီး လက်ရှိကာလမှာ တစ်ရက်ပျမ်းမျှ ၂၄၀၀ မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်လို့ လိုအပ်ချက်ရဲ့ ၅၅ ရာခိုင်နှုန်းခန့်ပဲ ထုတ်လုပ်ပေးနိုင်တော့တာပါ။
ဒီလိုမျိုး သဘာဝဘေးနဲ့ အကြမ်းဖက်တွေရဲ့ ဖျက်ဆီးမှုကြောင့် လျှပ်စစ်လိုအပ်ချက်ရဲ့ ၅၅ ရာခိုင်နှုန်းသာ ထုတ်လုပ်နိုင်တော့တဲ့ မြန်မာနိုင်ငံဟာ မကြာခင်လာတော့မယ့် နွေရာသီမှာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုဒဏ်ကို ဆိုးရွားစွာ ခံစားရတော့မယ့် အခြေအနေပါ။ ဒီအခြေအနေတွေကို လွန်မြောက်ဖို့ ရေတိုဖြေရှင်းမှုအဖြစ်လည်း LNG ဓာတ်အားပေးစက်ရုံ စီမံကိန်းတွေကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်နေပြီး၊ ရေရှည် တိုးတက်သုံးစွဲလာတဲ့ လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းနိုင်ဖို့အတွက် နိုင်ငံရဲ့ အရင်းအမြစ်တွေဖြစ်တဲ့ ရေ၊ နေ၊ လေ တို့က ထုတ်လုပ်နိုင်ရေးကိုလည်း စီမံဆောင်ရွက်နေတာပါ။ ဒီနေရာမှာ ရေတိုလုပ်တဲ့ LNG ဓာတ်အားပေးစက်ရုံ စီမံကိန်းတွေကို NLD အစိုးရဟောင်းလက်ထက် မဲရဖို့အရေး ကြိုးပမ်းချိန်မှာလည်း လုပ်ဆောင်ခဲ့ဖူးပြီး အဲဒီအချိန်က ရန်ကုန်ကို မီးပေးဖို့ တင်ဒါခေါ်ပြီး တရုတ်နိုင်ငံပိုင် CNTIC V-POWER Group ကို စီမံကိန်းလုပ်စေခဲ့ရာမှာ LNG သင်္ဘောကြီးနဲ့ သာကေတမြို့နယ်က မဂ္ဂါဝပ် ၄ဝဝ လျှပ်စစ်ဓာတ်အားပေးစက်ရုံနဲ့ သန်လျင်မြို့နယ်က မဂ္ဂါဝပ် ၃၅ဝ ဓာတ်အားပေးစက်ရုံတို့နဲ့ ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခဲ့ပေမဲ့ ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးဖြစ်စဉ်မှာ နိုင်ငံနဲ့ပြည်သူအလုံးစုံပျက်သုဉ်းအောင် ဒေါ်လာစျေးဆွဲတင်ကစားကြတာနဲ့ ပိတ်ဆို့မှုတွေကြောင့် LNG ကနေ လျှပ်စစ်ထုတ်ခဲ့တဲ့ ဒီစီမံကိန်းဟာ ရပ်တန့်သွားခဲ့သလို ၂ဝ၂၃ ခုနှစ် မတ်လ ၃ဝ ရက်မှာတော့ မြန်မာပြည်က ပြန်လည်ထွက်ခွာသွားခဲ့ရတော့တာပါ။ ဒီအဖြစ်အပျက်ကို လေ့လာမယ်ဆိုရင် LNG ဟာ ကုန်ကျစရိတ်များမှာဖြစ်သလို ရေတိုပဲလုပ်ဆောင်နိုင်မှာဖြစ်ပြီး ဒီကုန်ကျစရိတ်ကလည်း နိုင်ငံနဲ့ ပြည်သူကပဲ ကုန်ကျရဦးမှာပါ။ ဒါပေမဲ့လက်ရှိမှာလည်း South-East Asia Crude Oil Pipeline နဲ့ Gas Pipeline ကုမ္ပဏီတွေနဲ့ ဆွေးနွေးပြီး မြန်မာ- တရုတ် ပူးပေါင်းမယ့် မြန်မာနိုင်ငံမှာ LNG Terminal တည်ဆောက်ပြီး သဘာဝဓာတ်ငွေ့ ထုတ်ယူနိုင်ရေး ဖြစ်နိုင်ခြေဆန်းစစ်ခြင်းကို ဆောလျင်စွာစတင်နိုင်ဖို့ ဆွေးနွေးနေတာဖြစ်လို့ ဒီစီမံကိန်းအကောင်အထည်ပေါ်လာမယ်ဆိုရင် ရေတိုဖြေရှင်းမယ့် LNG ဓာတ်အားပေးစက်ရုံ စီမံကိန်းတွေကို အထောက်အပံ့ပေးနိုင်မှာဖြစ်ပြီး မအောင်မြင်ရင်တော့ LNG ကလည်း စျေးတက်၊ ဒေါ်လာကလည်း စျေးတက်၊ ရေရှည်အတွက်လုပ်ဆောင်ရမယ့် လေ၊ ရေနဲ့ နေကထုတ်မယ့် စီမံကိန်းတွေကလည်း နိုင်ငံရေးအကျပ်အတည်းကြောင့် လုပ်ရခက်နေဦးမှာဖြစ်လို့ ပိုဆိုးလာမယ့် လျှပ်စစ်မီးပျက်မယ့်ဒဏ်ကို အကြမ်းဖက်သမားတွေ ဖျက်ဆီးတိုင်း လက်ခုပ်တီးခဲ့မိတဲ့သူတွေနဲ့ ပြည်သူအများစု ရောခံရဦးမယ့် အခြေအနေလို့ပဲ ပြောရမှာပါ။
◾ AA နဲ့ EAOs တွေ ထိန်းချုပ်ထားတဲ့ တရုတ်စီမံကိန်း ၂၃ ခု
မြန်မာပြည်မှာရှိတဲ့ တရုတ်စီမံကိန်း ၂၃ ခုကို ရခိုင်လက်နက်ကိုင် AA နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေက ထိန်းချုပ်ထားတယ်လို့ အမေရိကန်ရဲ့ ငွေကြေးထောက်ပံ့မှုနဲ့လည်ပတ်နေတဲ့ ISP Myanmar(မြန်မာ့မဟာဗျုဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု) က ပြောလာပါတယ်။
ရခိုင်ပြည်နယ်မှာ တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း စုစုပေါင်း ၁၁ ခုရှိတဲ့အနက် ၁၀ ခုကို (၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်အထိ အချက်အလက်တွေအရ) AA က ထိန်းချုပ်ထားပါတယ်။ အဲဒီအထဲမှာ သံတွဲနဲ့ အမ်းမြိုတွေမှာရှိတဲ့ လေအားလျှပ်စစ်စီမံကိန်းတွေကို အပြည့်အဝထိန်းချုပ်ထားတာဖြစ်ပြီး ကျန်စီမံကိန်း ရှစ်ခုဖြစ်တဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း (ဒေါ်လာ ၁,၀၉၀ သန်း) ၊ ကျောက်ဖြူ-အမ်း ရထားလမ်း၊မန္တလေး- ကျောက်ဖြူ ရထားလမ်း (ဒေါ်လာ ၁၁,၀၀၀ သန်း)၊ မန္တလေး-ကျောက်ဖြူ ကားလမ်း၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်၊ ကျောက်ဖြူ သဘာဝဓာတ်ငွေ့သုံးစွမ်းအင်စီမံကိန်း၊ ကျောက်ဖြူ-နေပြည်တော် ကားလမ်းစီမံကိန်းတွေကို AA က တစ်စိတ်တစ်ပိုင်း ထိန်းချုပ်ထားတာလို့ ISP က ဆိုပါတယ်။
ဒါ့အပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)အပါအဝင် ဆက်စပ်နေတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၂၃ ခုရှိတဲ့အနက် ၁၃ ခုကို (၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်အထိ အချက်အလက်တွေအရ) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) တွေက အပြည့်အဝထိန်းချုပ်ထားပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းက တရုတ်-မြန်မာ ရေနံနဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းနဲ့ အပြည်ပြည်ဆိုင်ရာ ကုန်းတွင်း-ရေကြောင်း ကုန်သွယ်ရေးစင်္ကြံသစ် (ILSTC) အပါအဝင် မူဆယ်-မန္တလေးရထားလမ်းနဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေကိုလည်း EAOs တွေက တစ်စိတ်တစ်ပိုင်း ထိန်းချုပ်ထားတယ်လို့ ISP က ပြောပါတယ်။
တကယ်တော့ မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးရင်းနှီးမြှုပ်နှံသူဖြစ်တဲ့ တရုတ်နိုင်ငံက စီမံကိန်းတွေကို လက်နက်ကိုင်တွေက ထိန်းချုပ်ခံနေရတာ မဆန်းဘူးလို့ ပြောရမှာဖြစ်သလို ဒေါ်လာ သန်း ၈၀၀ ကျော်၊ ၉၀၀ နီးပါးတန်တဲ့ တကောင်းတောင် နီကယ်စီမံကိန်းဆိုရင်လည်း PDF တွေ ထိန်းချုပ်ထားတယ်လို့ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းကတည်းက ထုတ်ပြန်ပြောလာတာတွေရှိပေမဲ့ ဒီစီမံကိန်း အစိုးရထိန်းချုပ်မှုအောက် ပြန်ရောက်ဖို့ လုပ်ဆောင်မှုမမြင်ရသလို ဒီလိုမျိုး ပိုင်နက်နယ်မြေ၊ စီမံကိန်းတွေကို လက်နက်ကိုင်တွေ ထိန်းချုပ်သွားတာက ဗဟိုအစိုးရဩဇာကျဆင်းမှု၊ လက်နက် ကိုင်တွေရဲ့ ငါတို့နိုင်နေပြီလို့ ဝံ့ကြွားနိုင်မှုတွေအပြင် FDI ဆိုးဆိုးရွားရွားကျဆင်းမှုပါ ခံခဲ့ရတော့တာပါ။
◾ ကျပ် ၁၄၈၀ လောက် ခုန်တက်တဲ့ ပို့ကုန်သွင်းကုန် ကြီးကြပ်ခွန်
လာမယ့် ၂၀၂၅ ဇန်နဝါရီ ၁ ရက်က စတင်လို့ ပိုကုန်/သွင်းကုန်တွေအပေါ် အခွန်ကြီးကြပ်ကောက်ခံခြင်းကို လက်ရှိကောက်ခံနေတဲ့ တစ်ဒေါ်လာ ကျပ် ၂,၁၀၀ အစား တစ်ဒေါ်လာ ကျပ် ၃၅၈၀ ဝန်းကျင်နဲ့ ပြောင်းလဲကောက်ခံတော့မယ်လို့ ကြေညာလာပြီဖြစ်ပါတယ်။ တစ်ဒေါ်လာ ၂၁၀၀ ကျပ်နဲ့ ကောက်ခံနေတဲ့ အခွန်နှုန်းတွေကို ကျပ် ၃၅၈၀ လောက်သတ်မှတ်ကောက်ခံမယ်ဆိုတာက တစ်ဒေါ်လာ ၇၀ ရာခိုင်နှုန်းလောက် စျေးမြင့်တက်လာမယ်ဆိုတဲ့ အခြေအနေပဲဖြစ်ပါတယ်။ ဒီလိုမျိုး နိုင်ငံတော်က အခွန်နှုန်းပြောင်းလဲမှုကို လုပ်ငန်းရှင်တွေကတော့ လည်စင်းခံမှာမဟုတ်ဘဲ ပို့ကုန်သွင်းကုန်တွေအပေါ်ပဲ စျေးနှုန်းမြင့်တက်ပြီး အမြတ်ထွက်အောင် လုပ်မှာဖြစ်တာကြောင့် ပြည်သူတွေကပဲ မိအေးနှစ်ခါနာဦးမယ့် အခြေအနေပါ။
ပြီးခဲ့တဲ့ ဩဂုတ်လမှာဆိုရင် ဒေါ်လာစျေးဟာ တစ်ဒေါ်လာကို ကျပ် ၈၅၀၀ လောက်အထိ ဆွဲတင်ခံရပြီး ကျပ် ၁၀၀၀၀ အထိ ဆွဲတင်စျေးကစားမယ်၊ ဒီပမာဏဆိုရင် လူထုအုံကြွကျပ်တည်းမယ်ဆိုတဲ့ အမြင်တွေကိုလည်း NLD ၊ NUG ၊ PDF တွေကြားမှာ ရေပန်းစားခဲ့တဲ့အပြင် တကယ်လည်း ဆွဲတင်ခဲ့တာပါ။ ဒါကို အချိန်မီထိန်းနိုင်တာကြောင့် ဒေါ်လာစျေးဟာ ကျပ် ၄၅၀၀ ဝန်းကျင် ပြန်ကျလာပေမဲ့ လက်ရှိကောက်ခံနေတဲ့ တစ်ဒေါ်လာ ကျပ် ၂,၁၀၀ အစား တစ်ဒေါ်လာ ကျပ် ၃၅၈၀ ဝန်းကျင်နဲ့ ပြောင်းလဲကောက်ခံမှုဟာ ကုန်စျေးနှုန်းမြင့်တက်မှုအပြင် ဒေါ်လာစျေးအပေါ်ကိုပါ ဂယက်ရိုက်လာဦးမှာ အသေအချာဖြစ်လို့ လျှပ်စစ်မီးပြတ် ကုန်စျေးနှုန်းတက်မယ့် ၂၀၂၅ ဟာ မြန်မာပြည်သူတွေအတွက်တော့ ကိုးနဝင်းနဲ့ မိုးလင်းဖို့ထက် အနေကျပ်၊ အသေကျပ်၊ အစာရေစာငတ်ပြတ်မှုဒဏ် ပိုခံရတော့မလားဆိုတဲ့ အခြေအနေဖြစ်လို့ ဒီအခြေအနေဆိုးမဖြစ်ရအောင် ဘက်ပေါင်းစုံတာဝန်ရှိသူတွေက ချိန်ညှိထိန်းသိမ်းပေးကြပါလို့ တိုက်တွန်းရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက် ရပ်နားပါရစေ။