၂၉. ၁၂. ၂၀၂၄
Translated by Thettant
Jeju Air လေယာဉ်ဟာ တောင်ကိုရီးယားနိုင်ငံက Muan အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဆင်းသက်ချိန် ပေါက်ကွဲမီးလောင်မှု ဖြစ်ပွားခဲ့တာမှာ အစောဆုံးကယ်ဆယ်နိုင်သူနှစ်ဦးမှအပ ကျန်သူအားလုံး အသက်မရှင်နိုင်တော့ဘူးလို့ Yonhap သတင်းဌာနက ဖော်ပြပါတယ်။
ခရီးသည် ၁၇၅ ဦးနဲ့ လေယာဉ်အမှုထမ်း ခြောက်ဦး တင်ဆောင်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ပျံသန်းထွက်ခွာလာတဲ့ Jeju Air လေယာဥ် 7C2216 Boeing 737-800 ဟာ ဒီမနက် ၉ နာရီ ၇ မိနစ်ခန့်မှာ Muan လေဆိပ်ပြေးလမ်းအဆင်း ဘီးလုံးမကျတဲ့ ချို့ယွင်းမှုဖြစ်ပွားပြီး ကွန်ကရစ် ခြံစည်းရိုးနဲ့တိုက်မိလို့ စက္ကန့်ပိုင်းအတွင်း မီးလောင်ပေါက်ကွဲသွားခဲ့တာကို ရုပ်သံတွေမှာ တွေ့မြင်ရတာပါ။
မတော်တဆမှုကြောင့် သေဆုံးသူ ၈၅ ဦးအထိ ရှိခဲ့ကြောင်း အာဏာပိုင်တွေက ကနဦး အတည်ပြုခဲ့သလို ခရီးသည်အမျိုးသမီးတစ်ဦးနဲ့ လေယာဥ်အမှူထမ်းအမျိုးသမီးတစ်ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပေမဲ့ လေယာဥ်မီးလောင်ပေါက်ကွဲမှုမှာ ကယ်ဆယ်နိုင်သူနှစ်ဦးကလွဲလို့ ပျောက်ဆုံးနေသူအားလုံး သေဆုံးခဲ့ကုန်ပြီလို့ ယူဆရကြောင်း မူအန်း မီးသတ်အာဏာပိုင်တွေက ဆက်လက် ပြောကြားလာပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဥ်ကိုလည်း ရုပ်အလောင်းပြန်လည်ရှာဖွေရေး လုပ်ငန်းစဥ်အဖြစ် ပြောင်းလဲထားတယ်လို့ မီးသတ်တပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံသား နှစ်ဦးကလွဲလို့ ကျန်တဲ့ ၁၇၉ ဦးဟာ
တောင်ကိုရီးယားနိုင်ငံသားတွေဖြစ်ကြပြီး ဒီပေါက်ကွဲမီးလောင်မှုမှာ လေယာဥ်တစ်စီးလုံးနီးပါး ပျက်စီးခဲ့တာပါ။ ဒီဖြစ်စဥ်မှာ Bird Strike ကြောင့် ဆင်းသက်ချိန် ဂီယာချို့ယွင်းခဲ့တာလို့ အာဏာပိုင်တွေက ယုံကြည်ထားပေမဲ့ အကြောင်းအရင်းမှန်သိရဖို့တော့ ဆက်လက်အတည်ပြုနေဆဲဖြစ်ပါတယ်။
ယာယီသမ္မတ Choi Sang-mok ဟာ လေယာဉ်ပျက်ကျရာနေရာကို နေ့လယ်ပိုင်းမှာ ရောက်ရှိလာခဲ့ပြီး ကယ်ဆယ် ရှာဖွေရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ဖို့ တာဝန်ရှိသူတွေကို ညွှန်ကြားခဲ့သလို ကျန်ရစ်သူမိသားစုဝင်တွေကို နက်နက်နဲနဲဝမ်းနည်းကြောင်းနဲ့ ဖြစ်နိုင်သမျှ အစိုးရကအကူအညီ ပေးမယ်လို့လည်း ကတိပြုခဲ့ပါတယ်။
Ref. Yonhap