၂၉.၁၂.၂၀၂၄
Written By Thandar
လတ်တလော ပရိသတ်တွေကြားရေပန်းစားနေတဲ့ သရုပ် ဆောင် အေးချမ်းမောင်ရဲ့ စွန့်လွှတ်မလား ခွင့်လွှတ်မလားဆိုတဲ့ စကားလုံးတွေမှာ ဝေယံဦးရဲ့ ကာရိုက်တာဇာတ်ရုပ်ကြွဖို့ မကစ်@ဝတ်မှုန်ရွှေရည်ကို မညှာဘဲပြောမိခဲ့တယ်လို့ ဖွင့်ဟလာပါတယ်။
“ကျွန်တော့်ပါဝင်ထားတဲ့ တိမ်ပန်းချီကားကြီးကို ပရိသတ်ကြီးအနေနဲ့ လှိုက်လှိုက်လှဲလှဲအားပေးတဲ့အတွက် အများကြီးလည်း ဝမ်းသာတယ်။ အရမ်းလည်း ပီတိဖြစ်ရပါတယ်။ ပြောရမယ်ဆိုရင် ဒီဇာတ်ကားက ကျွန်တော့်ဘဝအတွက် မှတ်တိုင်တစ်ခုလည်းဖြစ်ပါတယ်။ ကျွန်တော်ပထမဦးဆုံးအနေနဲ့ ခေါင်းဆောင်နေရာမှာ ရိုက်ရတာလည်းဖြစ်ပါတယ်။ ပရိသတ်ရင်ထဲရောက်တာမို့ အတိုင်းမသိဝမ်းသာတာပေါ့။ ပရိသတ်ရဲ့ Feedback ကတော့ ရုံထဲမှာ ဆဲကြတာပေါ့။ အပြင်မှာတွေ့ရင်တော့ ပရိသတ်က ချစ်ကြပါတယ်။ ကာရိုက်တာအပေါ်မှာ ကြိတ်မနိုင်ခဲမရ ဖြစ်ကြတာပါ။ ဝန်းလည်းဝန်းရံပေးကြပါတယ်။ လက်ရှိအချိန်မှာ ချစ်သူတွေကြားထဲမှာ စွန့်လွှတ်မလား ခွင့်လွှတ်မလား ဆိုပြီး ရေပန်းစားခဲ့တယ်။ အဲ့လိုမေးတဲ့ မေးခွန်းမျိုးက တစ်ကိုယ်ကောင်းဆန်တဲ့အခန်းပေါ့။ ကိုယ်တိုင်က အမှားလုပ်ထားတဲ့သူအနေနဲ့ မပြောသင့်တဲ့စကားပါ။ တကယ် တော့လေ ဒီဝေယံဦးရဲ့ ဇာတ်ကောင်အပေါ်မှာ ကိုယ့်ဟာ ကိုယ်တောင် မနှစ်မြို့တာတွေရှိတယ်။ ကျွန်တော့်အနေနဲ့ ဇာတ်ရုပ်ကြွဖို့ မကစ်@ဝတ်မှုန်ရွှေရည်ကို မညှာဘဲ ပြောရတာတွေရှိခဲ့တယ်။ ဇာတ်ကောင်အရပဲ ခံစားပေးကြပါ”လို့ သရုပ်ဆောင် အေးချမ်းမောင်က ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ၀တ္ထု ဟမ်စိုင်း(ဆေး-မန်း)၊ ဇာတ်ညွှန်း အေးသီရိကိုတို့က ရေးသားထားပြီး ဒါရိုက်တာ ပွင့်သိင်္ဂီဇော်၊ အကယ်ဒမီဝတ်မှုန်ရွှေရည်၊ အေးချမ်းမောင်၊ နေမျိုးအောင်၊ စည်ဖြိုး၊ ညီနန္ဒ၊ အကယ်ဒမီ မယ်လိုဒီ၊ နှင်းယုနဲ့ အနုပညာရှင်များစွာက အကောင်းဆုံးပါဝင်သရုပ်ဆောင်ထားကြပါတယ်။ လက်ရှိ ရုံတင်ပြသနေချိန်မှာ ဝင်ငွေစံချိန်ချိုးပြီးတော့ တတိယပတ်ကို ရုံတင်ပြသနေတာလည်းဖြစ်ပါတယ်။