၂၉. ၁၂. ၂၀၂၄
Written by Nyein Kyaw
သစ်တောသယံဇာတ ဆန်းစစ်လေ့လာခြင်း အချက် အလက်များအရ မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုသည် ၂၀၂၅ ခုနှစ်တွင် နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၁၅ ရာခိုင်နှုန်းရှိမည်ဟုခန့်မှန်းထား၍ ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၅ ခုနှစ်အတွင်း သစ်တောပြုန်းတီးမှုမှာ နိုင်ငံဧရိယာ၏ သုည ဒသမ ၀၄ ရာခိုင်နှုန်းရှိသည်ကို တွေ့ရှိရကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်ကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ယမန်နေ့က နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်ရှိ သစ်တောသုတေသနစခန်းအမှတ် ၅၊ မိုးစွေသို့ သွားရောက်၍ မြန်မာနိုင်ငံ သစ်တောကျောင်း အမှတ်စဉ် ၁၁၈ မှ သင်တန်းသားများအား သွားရောက်တွေ့ဆုံစဉ် ပြောကြားသည်။
သစ်တောဖုံးလွှမ်းမှု ပြန်လည်ကောင်းမွန်လာစေရန်အတွက် သဘာဝတောများကာကွယ်ခြင်း၊ သစ်တောစိုက်ခင်းများ တည်ထောင်ခြင်းနှင့် ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများအား တိုးချဲ့ဖွဲ့စည်းလျက်ရှိရာ ယနေ့အချိန်အထိ ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တော ၄၉၀ ခု၊ နိုင်ငံဧရိယာ၏ ၂၅ ဒသမ ၉၀ ရာခိုင်နှုန်းနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေ ၆၁ ခု၊ နိုင်ငံဧရိယာ၏ ၆ ဒသမ ၄၃ ရာခိုင်နှုန်း ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
အပူပိုင်းဒေသ ၁၃ ခရိုင် စိမ်းလန်းစိုပြည်ရေးနှင့် လမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်ရေးအတွက် ၂၀၂၄ ခုနှစ် မိုးရာသီတွင် အပင်ပေါင်း ၂ သန်းကျော် စိုက်ပျိုးဆောင်ရွက်ခဲ့ကြောင်း၊ ရေကြီးရေလျှံမှု၊ မြေပြိုတိုက်စားမှုထိန်းချုပ်ရေးနှင့် ရေသယံဇာတအရင်းအမြစ်များ ပံ့ပိုးပေးနိုင်ရေးအတွက် ရေဝေရေလဲ ထိန်းသိမ်းရေးလုပ်ငန်းများ၊ ကမ်းရိုးတန်းသယံဇာတ ထိန်းသိမ်းရေးလုပ်ငန်းများနှင့် တရားမဝင်သစ် တားဆီးရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။