၂၉. ၁၂. ၂၀၂၄
Written by Nyein Kyaw
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်အောင် ဆောင်ရွက်နိုင်ခဲ့သော်လည်း သဘာဝဘေးနှင့် ပြည်တွင်း ပဋိပက္ခများဖြစ်ပွားမှုတို့၏ ဂယက်ရိုက်ခတ်မှုကြောင့် ငွေကြေးဖောင်းပွမှုမှာ မြင့်တက်နေဆဲပင်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်မှထုတ်ပြန်ထားသည့် မြန်မာ့စီးပွားရေးစောင့်ကြည့်လေ့လာမှု အစီရင်ခံစာ ဒီဇင်ဘာ ၂၀၂၄- နှစ်ချုပ်တွင် ဖော်ပြထားသည်။
၂၀၂၄ ခုနှစ် ပထမ ၈ လပတ်အတွင်း (ဇန်နဝါရီလမှ ဩဂုတ်လအထိ) ဒေါ်လာဈေးကွက်တွင် မြန်မာကျပ်ငွေတန်ဖိုး ၄၀ ရာခိုင်နှုန်းအထိ ကျဆင်းဆုံးရှုံးသွားခဲ့သည်။ နောက်ပိုင်းတွင် ငွေကြေးလဲလှယ်မှုနှုန်းထား တည်ငြိမ်ခဲ့သော်လည်း တိုင်ဖွန်းမုန်တိုင်းရာဂီ ဝင်ရောက်တိုက်ခတ်မှု၊ ပြည်တွင်း ပဋိပက္ခဖြစ်ပွားမှုတို့၏ ဂယက်ရိုက်ခက်မှုဖြစ်သော ပြည်တွင်းကုန်စည်ရရှိမှု (Supply) နှင့် ကုန်စည်ပစ္စည်းများ ထောက်ပံ့စီးဆင်းမှု လုပ်ငန်းစဉ် ကသောင်းကနင်းဖြစ်မှုတို့ကြောင့် ငွေကြေးဖောင်းပွမှုမှာ မြင့်တက်နေဆဲပင်ရှိခဲ့ကြောင်း ဖော်ပြထားသည်။
ငွေကြေးဖောင်းပွမှုမှာ ယခုဘဏ္ဍာနှစ်အတွင်း နှစ်စဉ်ပျမ်းမျှ သတ်မှတ်ချက်အရ ၂၆ ရာခိုင်နှုန်းခန့်ဖြင့် ဆက်လက်မြင့်တက်နေမည်ဟု ခန့်မှန်းထားသည်။ ငွေလဲလှယ်နှုန်းထား အပြောင်းအလဲအဆမတန်မြန်ဆန်ခြင်း၊ အခြေခံထုတ်ကုန်များ ပြတ်လပ်မှုမြင့်မားလာခြင်း၊ လျှပ်စစ်မီတာခွန်များ တိုးမြှင့်ကောက်ခံခြင်းတို့ကို အခြေခံပြီး ငွေကြေးဖောင်းပွမှု မြင့်တက်နေမည်ဟု ဆိုလိုရင်းဖြစ်ကြောင်း ဖော်ပြထားသည်။
နောက်ဆုံးရရှိသည့် CPI ဒေတာအချက်အလက်များအရ ၂၀၂၄ ခုနှစ် မတ်လအထိ တစ်နှစ်တာကာလအတွင်း ဈေးနှုန်းများ ၂၅ ဒသမ ၄ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်ကိုတွေ့ရသော်လည်း လက်ရှိအချက်အလက်များအရ အဆိုပါကာလမှစ၍ ကုန်ဈေးနှုန်းမြင့်တက်မှုမှာ ပိုမိုမြန်ဆန်လာခဲ့သည်ကိုတွေ့ရကြောင်း ဖော်ပြထားသည်။
၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် ထွက်ပေါ်လာသော ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ အစားအသောက်ဈေးနှုန်းဆိုင်ရာ အညွှန်းကိန်းကို ကြည့်မည်ဆိုလျှင် ယမန်နှစ် (၂၀၂၃ ခုနှစ်၊ စက်တင်ဘာ) အချိန်ကထက် နှစ်ဆဖြစ်လာသည်ကိုတွေ့ရကြောင်း၊ လောင်စာဆီဈေးနှုန်းမှာလည်း ၃၅ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း ဖော်ပြထားသည်။
ကုန်ဈေးနှုန်းများမှာ ပဋိပက္ခဖြစ်ပွားနေသည့် နယ်မြေဒေသများတွင် အဆမတန်ကြီးမားနေသည်ကို သိသိသာသာတွေ့မြင်ရပြီး ပဋိပက္ခကြီးများ ဖြစ်ပေါ်နေသည့် ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသများတွင် စက်တင်ဘာလအထိ တစ်နှစ်တာကာလအတွင်း အစားအသောက်နှင့် လောင်စာဆီဈေးနှုန်းများ နှစ်ဆကျော်ခန့်မြင့်တက်ခဲ့ကြောင်း ဖော်ပြထားသည်။
ဝိသမလောဘသမားများ၏ တစ်ဒေါ်လာ ၁၀,၀၀၀ ကျပ်အထိ ဆွဲတင်မှုများကြောင့် ကျပ် ၈,၀၀၀ ကျော်အထိ မြင့်တက်ခဲ့သော ဒေါ်လာဈေးနှုန်းသည် စက်တင်ဘာလကုန်မှစတင်၍ ကျပ် ၅၀၀၀ အောက်သို့ တည်ငြိမ်စွာကျဆင်းခဲ့ပြီး လက်ရှိတွင် တစ်ဒေါ်လာ ကျပ် ၄၅၀၀ ဝန်းကျင်ဖြင့် သုံးလခန့်အထိ ဈေးနှုန်းတည်ငြိမ်ခဲ့မှုကို တွေ့ရှိရသည်။