MT News
ဇန်နဝါရီ ၁၀ ရက်တွင် ကျရောက်သည့် ၇၅ နှစ်မြောက် ကချင်ပြည်နယ်နေ့သို့ SAC ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပေးပို့သည့် သဝဏ်လွှာတွင် လက်ရှိအကြမ်းဖက်မှုများနှင့် လက်နက်ကိုင်တိုက်ခိုက်မှုများကို လျှော့ချပြီး ရပ်တန့်ကြရန် အသိပေးထားသည်။
သာယာလှပပြီး သယံဇာတပေါကြွယ်ဝသည့် ကချင်ပြည်နယ်သည် ယနေ့ထက်တိုင် ကာလကြာရှည်စွာ လက်နက်ကိုင် ပဋိပက္ခများကြောင့် သဘာဝအလှအပများကိုလည်း မခံစားနိုင်၊ သယံဇာတများကိုလည်း ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ထိထိရောက်ရောက် အသုံးမပြုနိုင်ဘဲဖြစ်နေရသည်။ ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နယ်မြေတည်ငြိမ်အေးချမ်းပြီး တရား ဥပဒေစိုးမိုးမှုရှိမှသာ အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။
နိုင်ငံတော်အနေဖြင့် တိုင်းရင်းသားပြည်သူအားလုံး၏ ဆန္ဒနှင့်အညီ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ စစ်မှန်ပြီး စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ ခိုင်မာအားကောင်းလာစေရန်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်မှာ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတော်တည်ငြိမ်ရေးနှင့် ထာဝရ ငြိမ်းချမ်းရေးတို့ပင်ဖြစ်သည်။ ထို့ကြောင့် တိုင်းရင်းသားညီနောင်အားလုံးတို့အတွက် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိစေရန်နှင့် နိုင်ငံအဝန်းဟန်ချက်ညီစွာ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆောင်ရွက်ပေးနေသည်။
ထိုသို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်စေရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ သက်ဆိုင်သူများအနေဖြင့် သဘောထားမှန်ကန်ကြပြီး နိုင်ငံတော်အကျိုးအတွက်ဆိုသည့် တူညီသောစိတ်ဆန္ဒများ ရှိရန်လိုအပ်နေသည်။ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို မထိခိုက်စေရန် တတ်နိုင်သမျှ ထိန်းသိမ်း ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုမရှိပါက ဆက်လက်လုပ်ဆောင်ရမည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှုတို့မှာ အလှမ်းဝေးနေဆဲသာဖြစ်သည်ကို အားလုံးသိရှိကြပြီး ဖြစ်သည်။ ထို့ကြောင့် လက်ရှိအကြမ်းဖက်မှုများနှင့် လက်နက်ကိုင်တိုက်ခိုက်မှုများကို လျှော့ချပြီး ရပ်တန့်ကြရန် လိုအပ်နေပြီဖြစ်ကြောင်း အသိပေးမှုကို သဝဏ်လွှာတွင် ထည့်သွင်းဖော်ပြထားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် စစ်မှန်စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် “တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်” ဆိုသည့် ဦးတည်ချက်နှင့်အညီ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် အလေးထားဆောင်ရွက်လျက်ရှိသည်။
တပ်မတော်အနေဖြင့်လည်း ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှစ၍ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်အထိ ၄ နှစ်ကျော်ကာလတိုင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ထုတ်ပြန်ချက်ပေါင်း (၂၁)ကြိမ်ထုတ်ပြန်ခဲ့ပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာအန္တရာယ်များအား နှောင့်ယှက်ထိပါး တိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ရပ်စဲပေးခဲ့သည်။ ယခုဆက်လက်၍လည်း လက်တွေ့ကျသည့် ငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ငန်းစဉ်များကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တလျက်ရှိသည့် ထာဝရငြိမ်းချမ်းရေးရရှိရေးတို့အတွက် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ယန္တရားများအား နှောင့်ယှက်ထိပါးတိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တစ်နှစ်တာ ကာလ ထပ်မံတိုးမြှင့်ရပ်စဲပေးထားသည်ဟုလည်း သဝဏ်လွှာတွင် ဖော်ပြထားသည်။