MT News
၂၉.၁၂. ၂၀၂၄
ရန်ကုန်မြို့ပေါ်တွင် မူးယစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချသူ မြန်မာနိုင်ငံသား ၂ ဦးနှင့် မလေးရှားနိုင်ငံသား ၁ ဦးတို့အား ငွေကျပ်သိန်း ၂,၇၈၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၂၂ ရက်နေ့ ည ၁၀ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ (၈)ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်းမပေါ်တွင် စိတ်ပြောင်းဆေးဝါးများ ဖြန့်ဖြူးရောင်းချကြောင်း သတင်းရရှိထားသူ လှဦး(ခ)လှမျိုးအား TOYOTA MARK X မော်တော်ယာဉ်တစ်စီးနှင့်အတူ တွေ့ရှိ၍ ရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water ၂၃၈ ဒသမ ၅ ဂရမ်၊ ကက်တမင်း ၂၇ ဂရမ်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀ ပြားတို့အား ဖမ်းဆီးရမိခဲ့သည်။
တရားခံကို စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ ည ၁၁ နာရီအချိန် တာမွေမြို့နယ်၊ ဖိုးစိန်လမ်းမပေါ်တွင် မြတ်သူအား စိတ်ပြောင်းဆေးဝါး Happy Water ၁၂၉ ဂရမ်နှင့် လည်းကောင်း၊ ၎င်းနေထိုင်သည့် ပုဇွန်တောင်မြို့နယ်၊ (၁၀)ရပ်ကွက်ရှိ နေအိမ်မှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water ၆ ဒသမ ၁၂၅ ကီလို၊ ကက်တမင်း ၉၅၀ ဂရမ်နှင့် အက်တက်စီဆေးပြား ၂၄၀ ပြားတို့အား လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
ထို့အပြင် ဒီဇင်ဘာလ ၂၃ ရက်နေ့ ည ၈ နာရီခွဲအချိန်၌ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၆၁) ရပ်ကွက်တွင် ငှားရမ်းနေထိုင်သည့် မလေးရှားနိုင်ငံသား Mr. Lee Kok Sun အား စိတ်ပြောင်းဆေးဝါးများဖြစ်သည့် ကက်တမင်း ၇၅ ဂရမ်၊ အက်တက်စီဆေးပြား ၄၅၀ ပြား၊ Happy-5 ဆေးပြား ၆၀၀ ပြား၊ အမှုန့်ကြိတ်စက် ၁ လုံး၊ အိတ်ပိတ်စက် ၁ လုံး၊ ထုပ်ပိုးခွံ ၅၀၀ လုံး၊ Happy Water ရောစပ်ရာတွင် အသုံးပြုသည့် စတော်ဘယ်ရီအရသာမှုန့် ၈၀၀ ဂရမ်၊ လိမ္မော်အရသာမှုန့် ၇၀၀ ဂရမ်တို့နှင့် လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ်သိန်း ၂,၇၈၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water ၆ ဒသမ ၄၉၂၅ ကီလို၊ ကက်တမင်း ၁ ဒသမ ၀၅၂ ကီလို၊ အက်တက်စီဆေးပြား ၆၉၀ ပြား၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀ ပြားနှင့် Happy-5 ဆေးပြား ၆၀၀ ပြား၊ အမှုန့်ကြိတ်စက် ၁ လုံး၊ အိတ်ပိတ်စက် ၁ လုံး၊ ထုပ်ပိုးခွံ ၅၀၀ လုံး၊ Happy Water ဖျော်စပ်ရာတွင် အသုံးပြုသည့် စတော်ဘယ်ရီအရသာမှုန့် ၈၀၀ ဂရမ်နှင့် လိမ္မော်အရသာမှုန့် ၇၀၀ ဂရမ်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖမ်းမိတရားခံများကို စစ်ဆေးဖော်ထုတ်ချက်အရ ၎င်းတို့သည် စိတ်ပြောင်းဆေးဝါးများအားရောစပ်၍ ရန်ကုန်မြို့ပေါ်ရှိ KTV/ BAR/ CLUB နှင့် စားသောက်ဆိုင်များတွင် လူငယ်များအား ဖြန့်ဖြူးရောင်းချခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။