





၂၈. ၁၂. ၂၀၂၄
Written by Nyein Kyaw
စစ်မှုထမ်းဥပဒေအရဖြစ်စေ၊ မိမိစိတ်ဆန္ဒအရဖြစ်စေ တပ်မတော်အတွင်း ဝင်ရောက်လာသူများအား စစ်ပညာများကို အခြေခံမှစ၍ စနစ်တကျ သင်ကြားလေ့ကျင့်ပေးပြီးမှသာ တာဝန်ပေးအပ်ခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ရန်ကုန်တိုင်းဒေသကြီး၊ အင်းတိုင်တပ်နယ် နယ်မြေခံသင်တန်းကျောင်းများရှိ ပြည်သူ့စစ်မှုထမ်းသင်တန်းများမှ သင်တန်းသားများအား ယနေ့ သွားရောက်တွေ့ဆုံစဉ် ပြောကြားသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေအရဖြစ်စေ၊ မိမိစိတ်ဆန္ဒအရဖြစ်စေ၊ တပ်မတော်တွင်းသို့ ဝင်ရောက်လာကြသူများအား တပ်မတော်၌ စစ်ဆင်ရေး၊ နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးတာဝန်များ ထမ်းဆောင်ရာတွင် သိသင့်သိထိုက်သည့်၊ ရှိသင့်ရှိထိုက်သည့်စစ်ပညာရပ်များကို အခြေခံမှစ၍လိုအပ်သလို စနစ်တကျ သင်ကြားလေ့ကျင့်ပေးပြီးမှသာ တာဝန်ပေးအပ်ခြင်းဖြစ်ကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။
ပြည်သူ့စစ်မှုထမ်းများအနေဖြင့် စစ်ရေးပြဘာသာရပ်၊ စစ်နည်းဗျူဟာဘာသာရပ်၊ လက်နက်ငယ် ဘာသာရပ်အပါအဝင် အခြားသောစစ်ပညာရပ်များကို စနစ်တကျ လေ့ကျင့်သင်ကြားပေးခဲ့ပြီးဖြစ်၍ တတ်မြောက်ထားသည့် စစ်အတတ်ပညာများကို စနစ်တကျ အသုံးချသွားရန်လိုကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။
အခြေခံစစ်အတတ်ပညာများကို လေ့ကျင့်သင်ကြားပေးရာတွင် စစ်စည်းကမ်းကောင်းမွန်မှုနှင့် အမိန့်နာခံတတ်မှုသည် အရေးကြီးကြောင်း၊ အမိန့်နာခံမှုရှိမှသာ အထက်မှပေးအပ်သည့် ရည်မှန်းချက် တာဝန်များကို ထမ်းဆောင်ရာတွင် တိကျအောင်မြင်စွာ အကောင်အထည် ဖော်နိုင်မည်ဖြစ်ကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။
ခေတ်ကာလအဆက်ဆက် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်လျက်ရှိကြသည့် တပ်မတော်သားများသည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ရန် မိမိတို့၏ စိတ်ဆန္ဒများဖြင့် ဝင်ရောက်တာဝန်ထမ်းဆောင်နေကြသူများဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် တပ်မတော်က ယုံကြည်အားကိုးရသည့် နိုင်ငံ့သားကောင်းများ၊ မိသားစုက လေးစားတန်ဖိုးထားရသည့် ပြည်သူ့သားကောင်းများအဖြစ် ကြိုးစားနေထိုင်သွားကြရန်လိုကြောင်း SAC ဒုဥက္ကဋ္ဌက မှာကြားခဲ့သည်။