၁၄.၁၁.၂၀၂၄
Written By Thandar
Mahar Original Series က တင်ဆက်ပြသမယ့် ရိုမန့် အိမ်ထောင်ရေးဇာတ်လမ်းပုံစံ “ညှို့” ဇာတ်လမ်းတွဲမှာ ခဲပန်းချီဆရာမလေးမေမြတ်ကို ကာရိုက်တာက အရမ်းစိတ်ဝင်စားစရာကောင်းတာမို့ လက်ခံရိုက်ကူးဖြစ်တာပါလို့ သရုပ်ဆောင် ခင်သဇင်က ပြောပါတယ်။
“သဇင်ကတော့ ညှို့ ဇာတ်လမ်းတွဲမှာ မေမြတ်ကိုဆိုတဲ့ ခဲပန်းချီဆရာမတစ်ယောက် အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ မေမြတ်ကိုရဲ့ကာရိုက်တာကလည်း အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။ သဇင်နဲ့ အပြင်မှာ လုံးဝမတူတဲ့ ကာရိုက်တာမျိုးပေါ့။ ခဲပန်းချီဆရာမ နေရာမှာလည်း တစ်ခါမှ သရုပ်ဆောင်မဆောင်ဖူးဘူး။ ဒီမေမြတ်ကို ကာရိုက်တာကို စိတ်ဝင်စားပြီးတော့ လက်ခံဖြစ်တာပါ။ မေမြတ်ကိုဆိုတဲ့ ကာရိုက်တာတစ်ခုကို ဝင်စားနိုင်ဖို့ ကိုယ်တိုင်က ပြင်ဆင်ရတယ် လေ့ကျင့်ရတယ်။ ခေါင်းအစ ခြေအဆုံး မေမြတ်ကိုဖြစ်တဲ့အထိ ကိုယ့်ကိုယ်တိုင် မုဒ်သွင်းရတယ်။ သဇင်ရိုက်နေကြမဟုတ်တာမို့ စိတ်တော့ပူမိပါတယ်”လို့ သရုပ်ဆောင် ခင်သဇင်က ပြောပါတယ်။
ဒီဇာတ်လမ်းတွဲကိုတော့ ဇာတ်လမ်း ညမွှေးပန်း၊ ဇာတ်ညွှန်းပိုင်းကို ညမွှေးပန်း၊ Star Ria နဲ့မုဒြာတို့က ရေးသားထားပြီးတော့ ဒါရိုက်တာ အောင်ချမ်းလူက သရုပ်ဆောင်တွေဖြစ်တဲ့ ကျော်ထက်အောင်၊ ထွန်းကိုကို၊ ဗညားဘုန်းပြည့်၊ မင်းအာကာ၊ ဇင်ဇင်ဇော်မြင့်၊ ထက်ထက်ထွန်း၊ ခင်သဇင်၊ ဒေါင်းဝေ၊ ရဲရင့်စည်သူအောင်၊ အောင်လွင်မိုး၊ မြတ်သူရိန်ကျော်၊ အေးသီတာ၊ ဝင့်နေရည်လင်း ၊ ပိုဟေသာဟန်၊ Khisa Kim တို့က ပါဝင်ထားကြတာလည်းဖြစ်ပါတယ်။
“ဖက်ရှင်ပိုင်းက သေချာ Stylist ကိုယ့်ယူလာတဲ့ အဝတ်အစားတွေ စီစစ်ရွေးချယ်ပြီးတော့ အလိုက်ဖက်ဆုံးဆင်းန် အလိုက်ဖက်ဆုံးဝတ်စုံပုံစံ နောက်ဆုံးအဆင့်ထိ Detail သေချာရွေးချယ်ပေးတယ်။ ညှို့မှာက Message တွေက အများကြီးပါတယ်။ ဇာတ်ကားအစအဆုံးကို ကြည့်လိုက်ရင်တော့ ပရိသတ်တွေ သိရမှာပါ။ အဓိက အိမ်ထောင်ရေး အချစ်ရေးပါတယ်။ ပညာပေးလည်းပါသလို လူတွေရဲ့ စိတ်အကြောင်းတွေလည်းပါတာပေါ့နော်။ ရုပ်ရှင်ရသကို ခံစားကြည့်နိုင်မယ့်ကားပါ။ ဒီကားမှာ အိုက်တင်ပိုင်းရော ဖက်ရှင်ပိုင်းအကုန် မလစ်ဟင်းအောင် ဒါရိုက်တာက ဖန်တီးထားတာပါ။ လာမယ့်လဆန်းမှာ ပြသရင် အားပေးပါဦးလို့ပြောချင်ပါတယ်”လို့ သူက ဆက်ပြောပါတယ်။
အပိုင်း (၁၆) ပိုင်းပါဝင်တဲ့ “ညှို့” ဇာတ်လမ်းတွဲကို Mahar Application က လာမယ့် ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းမှာ ထုတ်လွှင့်ပြသမှာလည်းဖြစ်ပါတယ်။