၂၈.၁၂.၂၀၂၄
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အရှေ့ပိုင်းမြို့နယ်)၊ ရွှေလင်ဗန်းကျေးရွာ၊ တပင်ရွှေထီးလမ်းတွင် ဒီဇင်ဘာလ ၂၇ ရက် ည ၁၁ နာရီခန့်က ကွန်တိန်နာယာဥ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ရွှေလင်ဗန်းချောင်းတံတားအဆင်း၌ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့ရာက အမျိုးသား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်သူများထံမှ သိရသည်။
“ကားက အရှိန်မထိန်းနိုင်ဘဲ တံတားရဲ့လမ်းညာဘက်ခြမ်းကို ထိုးဆင်းပြီး မှောက်သွားတာ။ ကားပေါ်ပါလာတဲ့ ၄ ဦးမှာ ၂ ဦးက ကားခေါင်းမှာ ညပ်နေတာ။ ဒဏ်ရာတွေကတော့ အသက်အန္တရာယ် မစိုးရိမ်ရပါဘူး”ဟု ကယ်ဆယ်ရေးဆောင်ရွက်သူတစ်ဦးက ပြောသည်။
MITSUBISHI FUSO TRUCK ယာဥ်တိမ်းမှောက်မှုကြောင့် ကားခေါင်းခန်းအတွင်းညပ်နေသော အသက် ၃၀ အရွယ် ယာဥ်နောက်လိုက် အမျိုးသားကို ၃၆ မိနစ်ခန့်အကြာတွင် ကယ်ထုတ်ခဲ့ရပြီး ထပ်မံ၍ ယာဥ်မောင်းဖြစ်သူ အသက် ၃၀ အရွယ် အမျိုးသားကိုလည်း တစ်နာရီနီးပါးကြာသည်အထိ ကယ်ဆယ်ခဲ့ရကြောင်း သိရသည်။
ယာဥ်တိမ်းမှောက်မှုကြောင့် ယာဥ်မောင်းဖြစ်သူ အသက် ၃၀ အရွယ် အမျိုးသားတွင် ဘယ်ခြေထောက်ပွန်းပဲ့ဒဏ်ရာရရှိခဲ့ပြီး ကျန်ဒဏ်ရာရသူများကိုပါ သွေးဒါနမျိုးဆက်လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် လှိုင်သာယာမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ယာဥ်တိမ်းမှောက်မှုကို ရှာဖွေကယ်ဆယ်ရေးယာဥ် ၁စီး၊ မီးငြှိမ်းသတ်ယာဥ် ၁စီး၊ Towing vehicle ၁စီး၊ Lifiting vehicle ၁စီး၊သန္ဓေအရန် မီးသတ်တပ်ဖွဲ့ဝင် ၄၀ ခန့်ဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။