၂၈.၁၂. ၂၀၂၄
Written by Thettant
ရခိုင်ပြည်နယ်မှာရှိတဲ့ တရုတ်စီမံကိန်း ၁၀ ခုကို ရခိုင်လက်နက်ကိုင် AA က ထိန်းချုပ်ထားတယ်လို့ အမေရိကန်ရဲ့ ငွေကြေးထောက်ပံ့မှုနဲ့လည်ပတ်နေတဲ့ ISP Myanmar (မြန်မာ့မဟာဗျုဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု) က ဒီနေ့ထုတ်ပြန်ပြောလာပါတယ်။
ရခိုင်ပြည်နယ်မှာ တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း စုစုပေါင်း ၁၁ ခုရှိတဲ့အနက် ၁၀ ခုကို (၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်အထိ အချက်အလက်တွေအရ) အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားပါတယ်။ အဲဒီအထဲမှာ သံတွဲနဲ့ အမ်းမြို့တွေမှာရှိတဲ့ လေအားလျှပ်စစ်စီမံကိန်းတွေကို အပြည့်အဝထိန်းချုပ်ထားတာဖြစ်ပြီး ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် စီမံကိန်း၊ မန္တလေး-ကျောက်ဖြူ ရထားလမ်းစီမံကိန်း၊ ကျောက်ဖြူ-နေပြည်တော် ကားလမ်းစီမံကိန်း၊ တရုတ်-မြန်မာ ရေနံနဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်းအပါအဝင် ကုန်သွယ်ရေးလမ်းကြောင်းတွေကို တစိတ်တပိုင်း ထိန်းချုပ်ထားပါတယ်။
ဒီစီမံကိန်း ၁၀ ခုမှာ သဘာဝဓာတ်ငွေ့ပိုက်လိုင်း (ဒေါ်လာ ၁,၀၉၀ သန်း) ၊ ကျောက်ဖြူ-အမ်း ရထားလမ်း၊ မန္တလေး- ကျောက်ဖြူ ရထားလမ်း (ဒေါ်လာ ၁၁,၀၀၀ သန်း)၊ အမ်း လေအားလျှပ်စစ်စီမံကိန်း၊ မန္တလေး-ကျောက်ဖြူ ကားလမ်း၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်၊ ကျောက်ဖြူ သဘာဝဓာတ်ငွေ့သုံးစွမ်းအင်စီမံကိန်း၊ ကျောက်ဖြူ-နေပြည်တော် ကားလမ်း၊ သံတွဲ လေအားလျှပ်စစ်စီမံကိန်းတွေကို AA က ထိန်းချုပ်ထားတာလို့ ISP က ဆိုပါတယ်။
ဒါ့အပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)အပါအဝင် ဆက်စပ်နေတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၂၃ ခုရှိတဲ့အနက် ၁၃ ခုကို (၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်အထိ အချက်အလက်တွေအရ) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) တွေက အပြည့်အဝထိန်းချုပ်ထားပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းက တရုတ်-မြန်မာ ရေနံနဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းနဲ့ အပြည်ပြည်ဆိုင်ရာ ကုန်းတွင်း-ရေကြောင်း ကုန်သွယ်ရေးစင်္ကြံသစ် (ILSTC) အပါအဝင် မူဆယ်-မန္တလေးရထားလမ်းနဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေကိုလည်း EAOs တွေက တစိတ်တပိုင်း ထိန်းချုပ်ထားတယ်လို့ ISP က ပြောပါတယ်။