၂၈.၁၂.၂၀၂၄
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၌ ၂၀၂၄ ခုနှစ်တွင် အိုးမဲ့အိမ်မဲ့နေထိုင်သူဦးရေမှာ ၁၈ ဒသမ ၁ ရာခိုင်နှုန်းအထိ အရေအတွက်အားဖြင့် ၇၇၀,၀၀၀ ဦးကျော်ခန့် ရောက်သည်အထိ စံချိန်တင်တိုးပွားလာခဲ့ကြောင်း အစိုးရအရာရှိများက ဒီဇင်ဘာလ ၂၇ ရက်တွင် ပြောခဲ့ကြသည်။
နိုင်ငံအတွင်းအိုးအိမ်များတည်ဆောက်မှုအတွက် လုံလောက်သော အကုန်အကျခံမှုမရှိခြင်း၊ သဘာဝဘေးဒဏ်များကြောင့် အိုးအိမ်များပျက်စီးခြင်းနှင့် နိုင်ငံ၏အချို့ဒေသများတွင် ရွှေ့ပြောင်းနေထိုင်သူများ တိုးတက်ဝင်ရောက်လာခြင်းစသော အကြောင်းများကြောင့် အိုးမဲ့အိမ့်မဲ့များ လျင်မြန်စွာတိုးပွားလာခြင်းဟု ၎င်းတို့ကပြောခဲ့ကြသည်။
အမေရိကန်အိုးအိမ်နှင့်မြို့ပြဖွံ့ဖြိုးမှုဦးစီးဌာနက ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း တစ်ညတည်းတွင် ကောက်ယူခဲ့သောအဆိုပါစာရင်းက တစ်နှစ်နီးပါးရှိပြီဖြစ်၍ လက်ရှိအခြေအနေများနှင့် အတိအကျ မကိုက်ညီမှုများရှိနိုင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ သို့ရာတွင် တစ်နိုင်ငံလုံး၌ အိုးမဲ့အိမ်မဲ့ဦးရေ တိုးပွားမှုမှာ ၂၀၂၃ ခုနှစ်ကထက် ၁၈ ရာခိုင်နှုန်းတိုးမြင့်လာခဲ့ခြင်းတွင် ဆိုးရွားလာသော အိမ်ရာဖူလုံမှု အကျပ်အတည်း၊ ငွေကြေးဖောင်းပွမှုမြင့်တက်ခြင်း၊ ဝင်ငွေနည်းမိသားစုများတွင် လစာများတန့်နေခြင်းတို့က အဓိကအချက်များဟု ဖော်ပြခဲ့သည်။
၂၀၂၄ ခုနှစ်အတွင်း အဆိုပါစာရင်းကောက်ယူခဲ့သောည၌ အိုးမဲ့အိမ်မဲ့ဖြစ်နေရသော ကလေးသူငယ်ဦးရေမှာလည်း ၁၅၀,၀၀၀ နီးပါးရှိခဲ့ရာ ၂၀၂၃ ခုနှစ်ကထက် ၃၃ ရာခိုင်နှုန်းတိုးမြင့်လာခဲ့ခြင်းဟု သိရသည်။
အမေရိကန်၏ လူဦးရေအများဆုံးပြည်နယ်ဖြစ်သည့် ကယ်လီဖိုးနီးယားပြည်နယ်က အိုးမဲ့အိမ်မဲ့ ဦးရေအများဆုံးပြည်နယ်အဖြစ်တည်ရှိနေပြီး ၎င်းနောက်တွင် နယူးယော့ခ်၊ ဝါရှင်တန်၊ ဖလော်ရီဒါနှင့် မက်ဆာချူးဆက်ပြည်နယ်များ အစဉ်လိုက်ရှိနေကြသည်ဟုလည်း အစီရင်ခံစာကဆိုသည်။
Ref-CBS