၂၈.၁၂.၂၀၂၄
Written By Thandar
သတို့သား ကိုမျိုးကျော်ဌေးနဲ့ သတို့သမီး သရုပ်ဆောင် မသူဇာပွင့်တိုရဲ့ မင်္ဂလာဧည့်ခံပွဲအခမ်းအနားကို ယနေ့ ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းက ရန်ကုန်မြို ဒဂုံမြိုနယ် စကားဝါလမ်းရှိ မင်းကွန်တိပိဋိက နိကာယကျောင်းတိုက် ငွေရတုခန်းမမှာ ကျင်းပခဲ့ရာ အနုပညာမောင်နှမများစွာ တက်ရောက်ခဲ့ကြပါတယ်။
“ကိုယ့် တကယ်ချစ်လို့သာ သည်းခံပြီးတော့ လက်တွဲဖြစ်ကြတာပါ။ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ ဒီလိုနဲ့ပဲ အချစ်တစ်ခုကို တည်ထောင်ပြီးတော့ နှစ်ယောက်ပေါင်းဘဝကို တည်ဆောက်လိုက်တာပါ။ ချစ်သူသက်တမ်းကတော့ ၈ နှစ်ကျော်ရှိခဲ့ပါတယ်”လို့ သတို့သား ကိုမျိုးကျော်ဌေးကပြောပါတယ်။
အဆိုပါ အခမ်းအနားမှာတော့ အကယ်ဒမီ အောင်ခိုင်၊ ဦးဝင်းမြိုင်၊ ဇော်ဇော်အောင်၊ ဇွဲနိုင်ဝင်း၊ ကျော်ကျော်နန္ဒ၊ မျောက်ရှုံး၊ ပွင့်နဒီမောင်၊ အေးသီတာ၊ မတူး၊ ခိုင်ဇာ၊ ကြူကြူသင်း စတဲ့သူတွေ အနုပညာမောင်နှမတွေအပြင် နှစ်ဖက်မိဘအသိုင်း အဝိုင်းတွေလည်း တက်ရောက်ခဲ့ကြပါတယ်။ တက်ရောက်လာတဲ့ အနုပညာမောင်နှမတွေက တေးသီချင်းတွေ သီဆိုဖျော်ဖြေကပြပြီးတော့ ပျော်ရွှင်စွာအခမ်းအနားကို ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။
“တစ်ယောက်နဲ့ တစ်ယောက်နားလည်နိုင်မယ်လို့လည်း ထင်တယ်။ ဘာလို့လဲဆိုတော့ သူဇာပွင့်က ကိုယ့်ကျင့်တရားနဲ့ပတ်သက်ရင် ပါးစပ်နဲ့ပြောတာတောင် မကြိုက်ဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း ထိန်းသိမ်းနေခဲ့တယ်။ အဓိက ကိုယ့်ပေါ်မှာ လာကမ်းလှမ်းသူက ရိုးသားရမယ်။ လိမ်ညာမှု မကြိုက်ဘူး။ ပွင့်ပွင့်လင်းလင်း ပြောရဲတယ်ဆိုတော့ နားလည်ပေးနိုင်လို့ လက်တွဲဖော်အဖြစ်နဲ့ ရွေးချယ်ဖြစ်လိုက်တာပါ”လို့ သရုပ်ဆောင် သူဇာပွင့် က ပြောပါတယ်။
သူတိုနှစ်ယောက်ရဲ့ မင်္ဂလာလက်မှတ်ရေးထိုးပွဲကို ဒီဇင်ဘာလ ၂၇ ရက်နေ့က ရန်ကုန်မြို့ တရားရုံးချုပ်မှာကျင်းပခဲ့ပြီးတော့ သူဇာပွင့်က အနုပညာအလုပ်ကို ဆက်လုပ်သွားမယ်လို့ဆိုပါတယ်။ ကြင်စဦးဇနီး မောင်နှံနှစ်ယောက်လည်း ယနေ့မှစ၍ နှစ် ၁၂၀ တိုင်ထိ နှစ်ပေါင်းများစွာ ဘဝကို စိတ်တူကိုယ်တူ အိုအောင်မင်းအောင် ပေါင်းသင်းနိုင်ပြီး ဘဝခရီးကို ပျော်ရွှင်စွာ အတူတူ လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပေးကြပါတယ်။
#ThuzarPwint #သူဇာပွင့် #KoMyoKyawHtay
#ကိုမျိုးကျော်ဌေး #MyanmarCeleWedding
#MyanmarCelebrityCouple #MyanmarCelebrityMarriage