၂၈. ၁၂.၂၀၂၄
Written by Nay Moe
စစ်သုံပန်းများကို လည်လှီးသတ်သော ရခိုင်လက်နက်ကိုင် AA ၏ စစ်ရာဇဝတ်မှုကို ရှုတ်ချကြောင်းနှင့် လက်နက်ကိုင်သူပုန်များတွင် AA မှာ အယုတ်မာဆုံးအဖွဲ့ဖြစ်သည်ဟု PMMU (မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ -ရန်ကုန်) က ယနေ့တွင် သဘောထားထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ဖော်ပြလိုက်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် (၁၃၅)မျိုးသော တိုင်းရင်းသားတို့ စည်းစည်းလုံးလုံးဖြင့် အေးအတူ ပူအမျှ နေထိုင်ခဲ့ကြသော နိုင်ငံဖြစ်သလို ယနေ့ လှလှပပ တည်ရှိနေသော မြန်မာ့မြေပုံသည်(၁၃၅)မျိုးသော တိုင်းရင်းသားတို့၏ ပိုင်နက်နယ်မြေဖြစ်ကာ လူမျိုးစုတစ်စုထဲက ပိုင်သော နယ်မြေဆိုသည်မှာ တစ်လက်မမျှမရှိဘဲ လူမျိုးစု အားလုံးပိုင်သော ဘုံဆိုင်နယ်မြေသာဖြစ်သည်ဟု PMMU က ဆိုသည်။
ပုဂံခေတ် ရာဇကုမာရကျောက်စာကို ကြည့်လျှင် မြန်မာ့မြေပေါ်တွင် တိုင်းရင်းသားများ စုပေါင်းနေထိုင်ခဲ့ကြသည်ကို တွေ့ရှိရပြီး ရာဇကုမာရမင်းသားသည်ပင် ဓညဝတီခေါ် ရခိုင်ဒေသကို အုပ်ချုပ်ခဲ့သော နယ်စားမင်းသားတစ်ပါးပင် ဖြစ်သည်။ ထို့ကြောင့် ရာဇကုမာရကျောက်စာသည် ပင်လုံစာချုပ်ထက် ခိုင်မာသော “ပြည်ထောင်စုစာချုပ်တစ်ခု” ဖြစ်သည်။ ယင်းပြည်ထောင်စု စာချုပ်ကို ကြည့်လျှင် တိုင်းရင်းသားအားလုံး ဥမကွဲ သိုက်မပျက် စည်းစည်းလုံးလုံး နေထိုင်ခဲ့ကြသည်ကို တွေ့ရသည်ဟု PMMU က ပြောသည်။
ယနေ့အချိန်၌ မြန်မာနိုင်ငံသည် ပဋိပက္ခမျိုးစုံ ရင်ဆိုင်လျက်ရှိပြီး ယင်းသို့ ပဋိပက္ခဖြစ်ရခြင်းမှာ လက်နက်ကိုင် သူပုန်များက စစ်ပွဲများ မဖြစ်ဖြစ်အောင် သွေးထိုးလှုံ့ဆော်ခြင်းကြောင့် ဖြစ်သည်။ ဒေသတွင်းစစ်ပွဲများဖြစ်သောအခါ ဒေသခံလူထုသည် အိုးအိမ်ကို စွန့်ပစ်၍ တခြားနေရာသို့ ရွှေ့ပြောင်းနေထိုင်ကြရလေသည်။ AA ကို လက်မခံကြသည့် ရခိုင်လူမျိုးများသည် စစ်ပွဲများကြောင့် အိုးအိမ်ကိုစွန့်ခွာပြီး ရန်ကုန်မြို့တွင် အခြေချ နေထိုင်လျက်ရှိကြသည်။ မြန်မာလူမျိုးများကလည်း ရခိုင်တိုင်းရင်းသားများကို ကူညီရိုင်းပင်းလျက်ရှိသည်။ လက်နက်ကိုင် သူပုန်အဖွဲ့ထဲတွင် ရခိုင်သူပုန် AA သည် အယုတ်မာဆုံး အဖွဲ့ဖြစ်သည်။ ဒေသစစ်ပွဲများ၌ ရခိုင်လူထုကို ငဲ့ညှာ၍ အလံဖြူထောင်ခဲ့ကြသည့် တပ်မတော်သားများအား ကျင်းတူးခိုင်းပြီး မြေကျင်းထဲသို့ ထည့်၍ လည်လှီးကာ သတ်ဖြတ်ခဲ့ကြသည်။ ထို့အပြင် စစ်သုံ့ပန်းများ လည်လှီးသတ်ဖြတ်မှုကို ဗီဒီယို ရိုက်ကူး၍လည်း အွန်လိုင်းပေါ် လွှင်တင်ခဲ့ကြသည်။ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများ စီးလာသော သင်္ဘောကို ဖောက်ခွဲ၍ ရေနစ်နေသည့် အမျိုးသမီးများနှင့် ကလေးများကိုလည်း သတ်ဖြတ်ခဲ့ကြသည်။ AA ၏ လုပ်ရပ်သည် ဂျနီဗာကွန်ဗန်းရှင်း၏ စည်းမျဉ်းစည်းကမ်းကို ဖောက်ဖျက်သည့်အတွက် စစ်ရာဇဝတ်မှု ကျူးလွန်းခြင်းပင် ဖြစ်သည်ဟု PMMU က ပြောသည်။
ထို့အတွက် ဂျနီဗာကွန်ဗင်းရှင်းကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကာ စစ်ရာဇဝတ်မှုကို ကျူးလွန်နေသော ရခိုင်သူပုန် AA အကြမ်းဖက်အဖွဲ့ကို နိုင်ရေးပါတီများ၊ အသင်းအဖွဲ့များ၊ ဘာသာရေးခေါင်းဆောင်များမှ အသီးသီးဝိုင်းဝန်း၍ ဆန့်ကျင်ကန့်ကွက် ရှုတ်ချသင့်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရကလည်း အေးချမ်းစွာနေလိုသော ရဟန်း ရှင်လူပြည်သူတို့အား ထိုသို့သော လက်နက်ကိုင်သူပုန်အဖွဲ့၏ နှောက်ယှက်မှုမှ အကာအကွယ်ပေးနိုင်ဖို့ အမြန်ဆုံးဆောင်ရွက်သင့်ကြောင်းနှင့် မြန်မာနိုင်ငံကို စစ်နွံထဲ နစ်သထက်နစ်အောင် လုပ်ကိုင်ဆောင်ရွက်နေသော အကြမ်းဖက်အဖွဲ့အစည်းများအားလည်းကောင်း၊ မြန်မာနိုင်ငံမှ ခွဲထွက်ကာ ရခိုင်နိုင်ငံ ထူထောင်ဖို့ ကြိုးစားနေသော ဒေသခံလူတချို့အားလည်းကောင်း၊ လူသားခြင်း စာနာထောက်ထားမှု မရှိဘဲ စစ်ရာဇဝတ်မှု ကျူးလွန်နေသည့် ရခိုင်သူပုန် AA အဖွဲ့၏ လူမဆန်သည့် လုပ်ရပ်အားလည်းကောင်း မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)မှ ပြင်းပြင်းထန်ထန် ကန့် ကွက်ရှုတ်ချကြောင်း သဘောထားကြေငြာချက် ထုတ်ပြန်လိုက်သည်ဟု PMMU က ပြောသည်။