◾️ ပြည်တွင်း၌ ရောင်းချမည့် Ertiga Hybrid ကား ဈေးနှုန်းအရလည်း ပြည်တွင်း ကားဈေးကွက်အပေါ် သက်ရောက်မှုရှိနိုင်ဟု ဆို
၂၈. ၁၂. ၂၀၂၄
Written by Nyein Kyaw
ပြည်တွင်း၌ SKD စနစ်ဖြင့် Suzuki မှ ထုတ်လုပ်မည့် Ertiga Smart Hybrid Model အား ကားတပ်ဆင်မှုအစိတ်အပိုင်းများ တင်သွင်းနိုင်မှုအခြေအနေရ အရေအတွက်အနည်းငယ်ဖြင့်သာ ထုတ်လုပ်မည်ဖြစ်ကြောင်း Suzuki Myanmar မှ သိရသည်။
“Suzuki မှ ကားတပ်ဆင်မှုအစိတ်အပိုင်းများ တင်သွင်းနိုင်မှုအခြေအနေအရ Ertiga Smart Hybrid Model အား အရေအတွက်အနည်းငယ်ဖြင့် ပြန်လည်ထုတ်လုပ်လျက်ရှိပါတယ်။ ဈေးကွက်လိုအပ်ချက်နှင့်အညီ ထုတ်လုပ်ပေးနိုင်ရန်အတွက် Suzuki မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်” ဟု Suzuki Myanmar မှ ပြန်လည်ဖြေကြားထားသည်။
ပြည်ပမှအစိတ်အပိုင်းတင်သွင်းပြီး ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သည့် SKD မော်တော်ကား အမျိုးအစားအားလုံးသည် နှစ်အလိုက်ထုတ်လုပ်နိုင်မှုအပေါ် ရာခိုင်နှုန်းလိုက် ပြန်လည်ခွင့်ပြုခြင်းဖြစ်သည့်အတွက် ဈေးကွက်အတွင်း အများအပြားရောက်ရှိလာနိုင်မည်မဟုတ်ကြောင်း သိရသည်။
“SKD ကားအားလုံးက သူ့ရာခိုင်နှုန်းလိုက်ပဲ နှစ်အလိုက် တစ်နှစ်စာမှာ ဘယ်လောက်ထုတ်မယ်။ နှစ်နှစ်စာ ဘယ်လောက်ထုတ်မယ်။ သုံးနှစ်စာဘယ်လောက်ထုတ်မယ်။ အဲဒီအပေါ်မှာမှ ရာခိုင်နှုန်းအလိုက် ပြန်ခွင့်ပြုတာဖြစ်တဲ့အတွက် အားလုံးမျှခြေခွင့်ပြုတဲ့အတွက်ကိုတော့ ဘယ်ဟာမှ ဗုံးပေါလအော ထွက်လာဖို့တော့ Suzuki မှ မဟုတ်ဘူး။ ဘယ်ဟာမှမရှိပါဘူး” ဟု မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း (MAMDA)မှ အထွေထွေ အတွင်းရေးမှူးချုပ် ဦးကျော်စွာထွန်းမြင့်က MT News သို့ ပြောသည်။
လက်ရှိတွင် Suzuki မှ ထုတ်လုပ်သည့် Ertiga Smart Hybrid 2025 Model အား ကုမ္ပဏီမှ တရားဝင်ဈေးနှုန်း ကျပ်သိန်း ၁၀၅၀ သတ်မှတ်ထားပြီး ပြည်တွင်း၌ ရောင်းချရာတွင် အရောင်းကိုယ်စားလှယ်များအနေဖြင့် အဆိုပါ ကျပ်သိန်း ၁၀၅၀ အပေါင်း ဝင်ငွေခွန်၊ ကညနအခွန်နှင့် အမြတ်ငွေများ ထည့်ပေါင်းပြီးပါက ကျပ်သိန်း ၁၅၀၀ မှ ၂၀၀၀ အကြားအတွင်း ရောင်းချရန် ညှိနှိုင်းဆွေးနွေးလျက်ရှိသည်။
“အစကတည်းက ၁၅၀၀ လောက်နဲ့ ဖွင့်ရင်တော့ ပိုဆိုးမှာပေါ့။ အခုတော့ ၁၀၅၀ နဲ့ဖွင့်တော့ ဈေးနှုန်းကတော့ ကာလနဲ့ ထိုက်သင့်တဲ့ မြန်မာကားသုံးစွဲသူ ပြည်သူတွေအတွက်ကို စေတနာထားပြီးဖွင့်ပေးတဲ့အတွက်ကို ကြိုဆိုပါတယ်။ Dealer တွေဘက်လည်း လိုချင်တဲ့ဈေးရောင်းတာကတော့လည်း သွားဝေဖန်လို့တော့မရဘူး။ အနှစ်ချုပ်ရရင်တော့ ဒီဈေးနဲ့ Invoice Value ထွက်တယ်။ ဒီဈေးနဲ့ ရောင်းချတဲ့အပေါ်မှာ ကားဈေးအပေါ်မှာ အပြောင်းအလဲဘာမှ ဖြစ်လာဖို့မရှိဘူး” ဟု ဦးကျော်စွာထွန်းမြင့်က သုံးသပ်ထားသည်။
ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ၂၀၂၁ ခုနှစ် နိုင်ငံရေးပဋိပက္ခများ ဖြစ်ပွားပြီးနောက် Ertiga, Swift, Ciaz အမျိုးအစားများကို တပ်ဆင်ရမည့်အစိတ်အပိုင်းကုန်သွား၍ ရပ်နားထားခြင်းဖြစ်ပြီး လက်ရှိတွင် Ertiga Hybrid ၂၀၂၅ မော်ဒယ်အမျိုးအစားအား ပြန်လည်တပ်ဆင်ထုတ်လုပ်ရန် စီစဉ်နေခြင်းဖြစ်သည်။
ပြည်တွင်း၌ Suzuki မှ SKD စနစ်ဖြင့် ထုတ်လုပ်နေသည့် လူကြိုက်များသော Eartiga, Swift နှင့် Ciaz ကားအမျိုးအစားများသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အကုန်အထိ ထုတ်လုပ်သည့် Model Year အပေါ်မူတည်ပြီး ကျပ်သိန်း ၂၅၀ ဝန်းကျင်မှ ကျပ်သိန်း ၄၀၀ ဝန်းကျင်အထိသာရှိခဲ့သော်လည်း လက်ရှိတွင် ကျပ်သိန်း ၉၀၀ ဝန်းကျင်မှ ကျပ်သိန်း ၁,၃၀၀ ကျော်အထိ မြင့်တက်နေခြင်းဖြစ်သည်။