MT News
Written By Thandar
ရုပ်ရှင်ရုံတွေမှာ ပြသနေတဲ့ “ကျော်ကြီးကချစ်တတ်တယ်” ရုပ်ရှင်ကားကို Facebook (Online) ပေါ် ပြသနေတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဆက်မလုပ်ကြဖို့ မေတ္တာရပ်ခံပါတယ်လို့ ရုပ်ရှင်အစည်းအရုံးအမှူဆောင်(ရုံတင်ပြသရေးနဲ့ ညှိနှိုင်းရေး) ဖြစ်သူ ဦးလှသိန်းက ပြောပါတယ်။
မြန်မာနိုင်ငံအတွင်းရှိ ရုပ်ရှင်ရုံတွေမှာ ပြသနေတဲ့ “ခေတ်သစ်အရုဏ်ဦး” ရုပ်ရှင်ထုတ်လုပ်ရေးက ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)ရိုက်ကူးတဲ့ “ကျော်ကြီးကချစ်တတ်တယ်” ရုပ်ရှင်ဇာတ်ကားကို Facebook, Tik tok, Telegaram တွေမှာ LiKE 15K, Shares 1.2 K, Views 659 K တွေနဲ့ ပြသနေတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။
“အခု ကျော်ကြီး ဇာတ်ကားကို ရုပ်ရှင်ရုံထဲမှာ ဖုန်းနဲ့ရိုက်ပြီးတော့ အပိုင်းလေး တင်မယ်ပေါ့။ အစအဆုံးတော့ မဟုတ်ဘူး။ နမူနာအပိုင်းလေးပဲ တင်တယ်။ တကယ်တော့ အဲဒီလိုမလုပ်သင့်ပါဘူး။ ကိုယ်တို့ ပြသရေး လုပ်နေရတယ်ဆိုတော့ ရုံရှင်၊ ကားရှင်က ညှိနှိုင်းပြနေတယ်ဆိုပေမယ့် တကယ်အကျိုးအမြတ်က သိပ်မရှိကြဘူး။ကိုယ့်လောကသား အလုပ်ရရှိရေးအတွက် လုပ်နေကြတာ။ ရုံမှာပြလည်း မူပိုင်ရှိတယ်။ အွန်လိုင်း ဥပဒေက အရေးယူလို့ရတာပေါ့။ ခွင့်ပြုချက်မရှိဘဲ လုပ်တာတော့ မလုပ်သင့်ပါဘူး။ နောက်ပိုင်း လျှော်ရတာလည်း ဖြစ်မှာ ပါ။ မလုပ်သင့်ပါဘူး။ ရုံထဲမှာလည်း ဖျော်ဖြေရေးအနေနဲ့ ကြည့်ရှုအားပေးကြပါလို့ မေတ္တာရပ်ခံပါတယ်”လို့ ဦးလှသိန်းက ဆိုပါတယ်။
ခွင့်ပြုချက်မရှိဘဲ ရုံအတွင်းမှာ ဖုန်းနဲ့ ရိုက်ကူးပြီး အွန်လိုင်းကနေ တင်မယ်ဆို မူပိုင်ခွင့်ရရှိထားသူက တရား ဥပဒေကြောင်းအရ အရေးယူလုပ်ကိုင်မယ်ဆို ရှင်းရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအနေနဲ့ အခုလို ခိုးကူးရိုက်ပြီး အွန်လိုင်းတင်တာကို ခွင့်မပြုနိုင်ကြောင်း သိရပါတယ်။
ဒီဇင်ဘာ ၁၆ ရက်က “ကျော်ကြီးကချစ်တတ်တယ်” ရုပ်ရှင်ဇာတ်ကားကို မြန်မာတစ်ပြည်လုံး ရုံတင်ပြခဲ့ပြီး လက်ရှိ ၄ ပတ်မြောက်အထိ ပြသနေပါတယ်။ လက်ရှိ မြန်မာပြည်အတွင်း ရုပ်ရှင်ရုံပေါင်း ၄၀ ကျော်အထိ ရုံတင်ပြသနေတာလည်း ဖြစ်ပါတယ်။
“ကျော်ကြီးက ချစ်တတ်တယ်” ဇာတ်ကားမှာ ကျော်ကြီးက တစ်ရွာတည်းနေထိုင်သူ ဖြစ်တဲ့ မမ အပေါ် သံယောဇဥ်ရှိနေသလို နှင်းမြကို ချစ်နေသူဖြစ်ပါတယ်။ မမ နဲ့ နှင်းမြ တို့ကို မခွဲနိုင်ဘူးလို့ ဆိုနေသူကတော့ ကျော်ကြီးပါ။ ကျော်ကြီးက ချစ်ပဲချစ်တတ်ပြီး ပြဿနာဖြစ်လာရင် ဘယ်လိုမှ မဖြေရှင်းတတ်တဲ့အကြောင်းကိုလည်း တဖွဖွ ဆိုနေတဲ့ ဇာတ်ရုပ်မှာ မြင့်မြတ်က သရုပ်ဆောင်ထားတဲ့
ဒီဇာတ်ကားကို စီစဉ်သူ မျိုးကျော်ဦး၊ ဇာတ်လမ်း ညာလက်တော် ၊ ဇာတ်ညွှန်း လွမ်းဝေအောင်နဲ့ ညာလက်တော်တို့က ရေးသားသလို ဒါရိုက်တာ အကယ်ဒမီ ကိုဇော် (အရုဏ်ဦး)က သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီ မြင့်မြတ်၊ ခြူးလေး၊ မေမီကိုကို ၊ ဇင်မျိုး ၊ ချစ်လူလူ ၊ ရန်ပြေ(ကျော်ကြီး) ၊ ဦးရွှေအိုး ၊ သူဇာပွင့် ၊ စင်သီယာ၊ ဇာခြည်လွင်၊ စိုးဇာခြည် အပါအဝင် သရုပ်ဆောင်များစွာနဲ့ ရိုက်ကူးထားပါတယ်။
ကိုဗစ်-၁၉ရောဂါ အလွန်ကာလမှာ မြန်မာ့ရုပ်ရှင်ပြန်လည်ရှင်သန်ရေးအတွက် (၁)ထုတ်လုပ်သူတွေ ရုပ်ရှင်ရုံတွေမှာ ပြသလာစေရေး (၂) ရုံပိုင်ရှင်တွေအနေနဲ့ ရုပ်ရှင်ရုံတွေကို ပြသနိုင်စေရေး (၃) ပရိသတ်တွေ လာရောက်ကြည့်ရှုနိုင်စေရေး အတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနဲ့ ဌာနဆိုင်ရာတွေ ၊ ထုတ်လုပ်သူတွေ၊ ရုပ်ရှင်ရုံပိုင်ရှင်တွေလည်း ဝိုင်းဝန်း စည်းရုံးဆောင်ရွက်လျှက်ရှိတယ်လို့ဆိုပါတယ်။ မြန်မာ့ရုပ်ရှင်လောက ပြန်လည်ဖွံ့ဖြိုးလာစေရန်အတွက် ရုပ်ရှင်ရုံတွေ၊ ရုပ်ရှင်အော်ပရေတာတွေအနေနဲ့ ရုပ်ရှင်ဇာတ်ကားတွေ ပြင်ပကို ပေါက်ကြားမှုမရှိစေရေးနဲ့ မိမိတို့ တာဝန်ယူထားရတဲ့ ကိစ္စအဝဝကို အထူးဂရုပြုအလေးပေး ဆောင်ရွက်ကြစေပါလို့လည်း မေတ္တာရပ်ခံ တိုက်တွန်းထားပါတယ်။