၂၈.၁၂.၂၀၂၄
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုရဲ့ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်က အမေရိကန်မှာ လူကြိုက်များလှတဲ့ TikTok လူမှုကွန်ရက်ကိုနိုင်ငံအတွင်း အသုံးပြုမှုတားမြစ်ဖို့ ဒါမှမဟုတ် အမေရိကန်ကုမ္ပဏီတစ်ခုကို ရောင်းချစေဖို့ ဥပဒေပြဌာန်းဆောင်ရွက်နေမှုကို ခေတ္တအားဖြင့် ရပ်ဆိုင်းပေးထားဖို့ တရားလွှတ်တော်ချုပ်ကို ဒီဇင်ဘာလ ၂၇ ရက်က တိုက်တွန်းခဲ့ပါတယ်။
ထရန့်က ဒီကိစ္စကို သူသမ္မတ တာဝန်ယူပြီးချိန်မှ နိုင်ငံရေးနည်းလမ်းအရဆောင်ရွက်ဖို့ သူ့မှာ အချိန်ရှိသင့်တယ်လို့ ပြောခဲ့ပါတယ်။
တရားလွှတ်တော်ချုပ်အနေနဲ့ ဒီအမှုကို ဇန်နဝါရီလ ၁၀ ရက်မှာ ကြားနာဖို့ သဘောတူထားပါတယ်။ မိခင်ကုမ္ပဏီဖြစ်တဲ့ ByteDance က TikTok ကို အမေရိကန်လုပ်ငန်းတစ်ခုထံ ရောင်းချခြင်းမပြုရင် နိုင်ငံတွင်းအသုံးပြုမှုတားမြစ်ပိတ်ပင်မယ်ဆိုတဲ့ အကြောင်းပြချက်တွေကို တရားရုံးချုပ်က ကြားနာသွားမှာလည်းဖြစ်ပါတယ်။ အမေရိကန်ကွန်ဂရက်ကလည်း TikTok ကို အမေရိကန်လုပ်ငန်းတစ်ခုထံ ဇန်နဝါရီလ ၁၉ ရက်ထိ မရောင်းချဘူးဆိုရင် အမေရိကန်နိုင်ငံမှာတားမြစ်သွားဖို့ ဧပြီလက မဲပေးခဲ့ကြပါတယ်။
TikTok ကိုအမေရိကန်နိုင်ငံမှာ အသုံးပြုသူ သန်း ၁၇၀ ကျော်ရှိပြီး အခုအခါ ByteDance ကုမ္ပဏီက ဒီဥပဒေကို မလိုက်နာဘဲနေဖို့ ကြိုးစားခဲ့ဖူးပါတယ်။ ဒါပေမယ့် တရားရုံးချုပ်အနေနဲ့သူတို့လိုလားတဲ့အတိုင်း မဆုံးဖြတ်ခဲ့ရင် TikTok အနေနဲ့ ထရန့် သမ္မတတာဝန်မယူခင် တစ်ရက်အလို ဇန်နဝါရီလ ၁၉ ရက်မှာပဲ အမေရိကန်ပြည်ထောင်စုအတွင်းအသုံးပြုခြင်းကနေ ထိရောက်စွာတားမြစ်ခံရနိုင်ပါတယ်။
ထရန့်ရဲ့ ခုလို TikTok ဘက်က လိုက်ပါပြောဆိုပေးမှုက ၂၀၂၀ ပြည့်နှစ်တုံးက TikTok ကို အမေရိကန်မှာ ပိတ်ပင်ဖို့နဲ့တရုတ်ကုမ္ပဏီပိုင်ဆိုင်မှုကနေ အမေရိကန်ကုမ္ပဏီတွေဆီရောင်းဖို့ သူကြိုးစားခဲ့တာနဲ့နှိုင်းယှဉ်ရင်တော့ ပြောင်းပြန်ဖြစ်နေတယ်လို့လည်း ဆိုရမှာပါ။
ရွေးကောက်ခံသမ္မတထရန့်ရဲ့ ရှေ့နေလည်းဖြစ်ပြီး သမ္မတ ထရန့်အစိုးရလက်ထက်မှာ ရှေ့နေချုပ်အဖြစ် တာဝန်ထမ်းဆောင်ဖို့လည်းအရွေးခံထားရတဲ့ D John Sauer က သမ္မတထရန့် အနေနဲဒီအငြင်းပွားမှုကနေ ဘယ်လိုအကျိုးအမြတ်တွေမှ ရယူမှာမဟုတ်ပါဘူး။ တရားရုံးအနေနဲ့ ဥပဒေက TikTok ကိုဖျက်သိမ်းဖို့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက် နောက်ဆုံးထားတဲ့အချက်အပေါ် ပြန်စဉ်းစားပေးဖို့ လေးစားစွာတောင်းဆိုတာပါ။ ဒီအစား ဒီကိစ္စရဲ့ အကောင်းအဆိုးတွေကိုစဉ်းစားပြီး ထရန့်အစိုးရကို ဒီကိစ္စအပေါ် နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းဖို့ အခွင့်အရေးပေးစေချင်တာပါပဲလို့ ပြောခဲ့ပါတယ်။
ထရန့် က TikTok ရဲ့ အမှုဆောင်အရာရှိချုပ် Shou Zi Chew နဲ့လည်း ဒီဇင်ဘာလအတွင်းမှာတွေ့ခဲ့ပြီး သူ့အနေနဲ့ TikTok အတွက် ကြာရှည်ခိုင်မာတဲ့နေရာရှိပါတယ်လို့ ပြောခဲ့ပြီး TikTok ကို အမေရိကန်နိုင်ငံအတွင်း အနည်းဆုံး ခေတ္တခန့်ဖြစ်စေ ဆက်လက် လည်ပတ်နိုင်ဖို့ လိုလားတယ်လို့လည်း ဆိုခဲ့ပါတယ်။ သူ့အနေနဲ့ ရွေးကောက်ပွဲမဲဆွယ်လှုပ်ရှားမှုတုန်းက TikTok ပလက်ဖေါင်းမှာ အားပေးကြည့်ရှုသူ ဘီလျံနဲ့ ချီလို့ ရခဲ့တယ်လို့လည်း ထရန့်က ပြောခဲ့ပါတယ်။
TikTok ဘက်ကတော့ မှတ်ချက်ပေးဖို့အတွက် တောင်းဆိုချက်အပေါ် တစ်စုံတစ်ရာ တုံ့ပြန်ပြောကြားမှု မရှိသေးပါဘူး။
Ref- The Guardian