၂၈. ၁၂. ၂၀၂၄
Written by Nyein Kyaw
မြန်မာနိုင်ငံတွင် သီးထပ်စွမ်အား တိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက တစ်နှစ်လျှင် စပါးစိုက်ဧက သန်း ၃၀ ကျော်အထိ တိုးတက်စိုက်ပျိုးနိုင်မည်ဖြစ်၍ ဆန်စပါးဖူလုံရေး တိုးတက်လာမည်ဖြစ်ကြောင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးညိုစောက ယမန်နေ့က ပြုလုပ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင်၏ ပထမအကြိမ်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
လက်ရှိတွင် သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးကိုလည်း သုတေသနလုပ်ငန်းများ အကြိမ်ကြိမ် ဆောင်ရွက်ပြီးလည်းဖြစ်သည့်အပြင် မြန်မာနိုင်ငံတွင် နွေစပါးဧက ၃ သန်းခန့်၊ မိုးစပါးဧက ၁၅ သန်းခန့် စုစုပေါင်း စပါးစိုက်ဧက ၁၈ သန်းခန့်ရှိသည်။
သီးထပ်စွမ်းအားတိုးတက်အောင် ထပ်မံဆောင်ရွက်နိုင်မည်ဆိုပါက တစ်နှစ်လျှင် ဧကသန်း ၃၀ ကျော်ခန့် စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း၊ စပါးထွက်ရှိမှု ၂၀၀ ရာခိုင်နှုန်းဖြစ်၍ နိုင်ငံတော်အတွက် ဆန်စပါးဖူလုံရေးနှင့် ပြည်ပပို့ကုန်တိုးမြှင့်ရေးအတွက် တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးညိုစောက ပြောကြားသည်။
ထို့ကြောင့် စိုက်ပျိုးရေးကဏ္ဍအနေဖြင့် နိုင်ငံတော်အစိုးရ၏ စီမံလမ်းညွှန်မှုဖြစ်သော အဓိကသီးနှံများ ပန်းတိုင်အထွက်ရရှိရေး၊ သီးထပ်စွမ်းအားတိုးတက်စေရေး၊ ကိန်းဂဏန်းအချက်အလက်များ မှန်ကန်စေရေးတို့အတွက် အထူးအလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း မှာကြားခဲ့သည်။
ထို့ပြင် မွေးမြူရေးကဏ္ဍအနေဖြင့် ကြက်၊ ဝက်၊ ဆိတ်၊ ငါး၊ နို့စားနွား၊ အသားစားနွားများ တိုးချဲ့မွေးမြူရေးအတွက် လိုအပ်သောနည်းပညာ၊ မျိုး၊ တိရစ္ဆာန်အစာနှင့် သားပေါက် ထုတ်လုပ်ခြင်းတို့ကိုလည်း ပြည်တွင်း၌ လုံလောက်အောင် ဆောင် ရွက်နိုင်ရမည်ဖြစ်သည်။
ထို့ကြောင့် သမားရိုးကျမွေးမြူခြင်းမှ လှောင်မွေးစနစ်၊ ရိတ်ကျွေးစနစ်အထိ ပြောင်းလဲဆောင်ရွက်နိုင်ရန် လက်ရှိဖော်ထုတ်ပြီးသည့် မွေးမြူရေးဇုန်များကို စနစ်တကျ အဆင့်မြှင့်တင်ခြင်းနှင့် မွေးမြူရေးဇုန်အသစ်များ ထပ်မံဖော်ထုတ်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးညိုစောက ပြောကြားသည်။
ပြည်တွင်း၌ တိုးတက်ထုတ်လုပ်လိုက်သည့် သီးနှံသားငါးများ ဈေးကွက်ရရှိရေးကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့က ပူးပေါင်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးညိုစောက မှာကြားခဲ့သည်။