
၂၈. ၁၂. ၂၀၂၄
Written by Nyein Kyaw
လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရေး နည်းလမ်းများဖြင့် ဖြေရှင်းရန် ဖိတ်ခေါ်ထားရှိသော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့အနေဖြင့် မိမိဒေသနှင့်လူမျိုးအကျိုးကို မျက်ကွယ်ပြုကာ အကြမ်းဖက်လုပ်ရပ်များကို တစိုက်မတ်မတ် ဆက်လက်ဆောင်ရွက်နေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် ကျရောက်သည့် နှစ် (၅၀) ပြည့် ရွှေရတုအာခါအမျိုးသားနေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် ထည့်သွင်းပြောကြားခဲ့သည်။
နိုင်ငံတော်အတွင်း ဒေသအချို့တွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက်လည်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်နှင့် တွေ့ဆုံဆွေးနွေးရေး နည်းလမ်းများဖြင့် ဖြေရှင်းရန် ဖိတ်ခေါ်ထားရှိပြီးဖြစ်ကြောင်း၊ သို့သော် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့အနေဖြင့် မိမိဒေသနှင့် မိမိလူမျိုးအကျိုးကို မျက်ကွယ်ပြုကာ အကြမ်းဖက်လုပ်ရပ်များကို တစိုက်မတ်မတ် ဆက်လက်ဆောင်ရွက်နေသည်ကို တွေ့မြင်နေရကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
အာခါလူမျိုးတို့အနေဖြင့် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဒေသများသို့ ဝင်ရောက်အခြေချနေထိုင်ခဲ့သည့် ရာစုအစောပိုင်းကာလများမှစ၍ ဒေသခံတိုင်းရင်းသားလူမျိုးများနှင့် အေးအတူပူအမျှစိတ်ဓာတ်ဖြင့် ပြည်ထောင်စုစိတ်ဓာတ်ကိုအရင်းခံကာ စည်းလုံးညီညွတ်စွာ နေထိုင်ခဲ့ပြီး အာခါလူမျိုး အကြီးအကဲတို့၏ ဦးဆောင်မှုဖြင့် ၁၉၇၅ ခုနှစ်မှ စတင်ကျင်းပခဲ့သော အာခါအမျိုးသားနေ့သည် ယခုအခါ ရွှေရတုကာလ နှစ် (၅၀) ပြည့် အခါသမယသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။
အာခါလူမျိုးတို့အနေဖြင့် ခေတ်အဆက်ဆက်တွင် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ ထို့ကြောင့် အာခါလူမျိုးတို့ နေထိုင်ရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဒေသသည် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်ကဏ္ဍအသီးသီးတွင် ဖွံ့ဖြိုးတိုးတက်မြင့်မားနေသည်ကို တွေ့ရှိရကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ပညာရေးကဏ္ဍတိုးတက်မှု၏ရလဒ်အဖြစ် ယခုအခါ နိုင်ငံတော်၏ကာကွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အုပ်ချုပ်ရေးနယ်ပယ်အသီးသီးတွင် အာခါလူမျိုးတပ်မတော်သားများ၊ ပြည်သူ့ဝန်ထမ်းများအနေဖြင့် ကျရာတာဝန်များကို ကျေပွန်စွာထမ်းဆောင်နေကြသည်ကို ဂုဏ်ယူဖွယ်တွေ့မြင်ရကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
အာခါလူမျိုးတို့အနေဖြင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်၊ လာအို၊ ထိုင်းစသည်တို့နှင့် နယ်နိမိတ်ထိစပ်နေသော နယ်စပ်ဒေသများတွင် နေထိုင်လျက်ရှိသောကြောင့် နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုကို တည် ဆောက်ပြီး နယ်စပ်ဒေသတည်ငြိမ်ရေး၊ နယ်စပ်ဒေသကုန်သွယ်ရေးလုပ်ငန်းများ တိုးတက်ကောင်းမွန်ခြင်းမှတစ်ဆင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှ ဝိုင်းဝန်းဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက တိုက်တွန်းပြောကြားသည်။