




၂၈ . ၁၂. ၂၀၂၄
Written by Nyein Kyaw
ယနေ့အချိန်တွင် တပ်တွင်းစည်းလုံးမှုပျက်ပြားအောင် ပြည်တွင်း၊ပြည်ပ အဖျက်သမားအင်အားစုများက နည်းလမ်းပေါင်းစုံနှင့် ထိုးနှက်တိုက်ခိုက်နေသဖြင့် တပ်မတော်သားများ စည်းလုံးညီညွှတ်မှုရှိရေးသည် အသက်တမျှအရေးကြီးကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ယမန်နေ့က ပြုလုပ်သည့် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၊ သူနာပြုနှင့် ဆေးဘက်သိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ် (၂၂) နှင့် အမျိုးသမီးသူနာပြုနှင့် ဆေးဘက်သိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ် (၉) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားတွင် ပြောကြားခဲ့သည်။
နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းတာဝန်များကို ထမ်းဆောင်နေရသည့် တပ်မတော်သားများသည် ကျရာအခန်းကဏ္ဍများတွင် တာဝန်ကျေပွန်စွာ ထမ်းရွက်နိုင်ရန်အတွက် တပ်တွင်း၊ တပ်ပြင် စည်းလုံးညီညွတ်ရေး ပြည့်ဝခိုင်မာနေရန် အထူးလိုအပ်ကြောင်း၊ ယနေ့ အချိန်အခါတွင် တပ်တွင်းစည်းလုံးညီညွတ်မှု ပျက်ပြားစေရန် ရည်ရွယ်ပြီး ပြည်တွင်း၊ ပြည်ပ အဖျက်သမားအင်အားစုများသည် နည်းလမ်းပေါင်းစုံနှင့် ထိုးနှက်တိုက်ခိုက်နေချိန်ဖြစ်၍ တပ်မတော်သားများအနေဖြင့် ကျောချင်းကပ် ရင်ချင်းအပ်သည့် စည်းလုံးညီညွတ်မှုရှိရေးသည် အသက်တမျှအရေးကြီးကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။
တပ်မတော်သားများနှင့် မိသားစုဝင်များအားလုံးအကြားတွင် အသိတူ၊ အမြင်တူ၊ ယုံကြည်ချက်၊ ခံယူချက်များ တူမည်ဆိုပါက တပ်တွင်း စည်းလုံး ညီညွတ်မှုသည် ထာဝရခိုင်မြဲနေမည်ဖြစ်ကြောင်း၊ ထို့အပြင် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ သဘာဝဘေးအန္တရာယ်များ ကျရောက်ချိန်တွင် ကူညီထောက်ပံ့ပေးခြင်းများသည် တပ်ပြင်စည်းရုံးရေးကို ဆောင်ရွက်နေခြင်းဖြစ်သည်ကို နားလည်သဘောပေါက်ထားကြရမည်ဖြစ်ကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။
နယ်မြေခံတပ်ဖွဲ့ များနှင့် ဒေသခံများ တစ်သားတည်းဖြစ်အောင် စည်းရုံးဆောင်ရွက်ပြီး အပြန်အလှန် ရိုင်းပင်းကူညီခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်လုပ်ငန်းများကို ထိရောက်အောင်မြင်အောင် ဆောင်ရွက်သွားကြရန် အလေးထား မှာကြားလိုကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။