၁၁. ၁. ၂၀၂၃
Written by Ye Kyaw
မြန်မာနိုင်ငံတွင် ကျေးလက်နှင့် မြို့ပြပြည်သူများ၏ နှစ်စဥ်ထင်းလိုအပ်ချက်မှာ ကုဗတန် ၁၇ သန်း (စုစုပေါင်းစွမ်းအင်ပမာဏ၏ ၇၆ ရာခိုင်နှုန်း) ခန့်ရှိသည့်အတွက် သစ်တောသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရာတွင် အဓိကစိန်ခေါ်မှု တစ်ရပ်ဖြစ်နေကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပြောကြားသည်။
ယင်းအခြေအနေများ ကြုံတွေ့ရခြင်းမှာ မြန်မာနိုင်ငံစုစုပေါင်းလူဦးရေ ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်ဒေသနေသူများဖြစ်သဖြင့် ထင်း၊ မီးသွေးကို အဓိကလောင်စာအဖြစ် သုံးစွဲလျက်ရှိခြင်းကြောင့် ထင်းလောင်စာမြင့်တက်လာခြင်းသည် သစ်တောသယံဇာတရေရှည်တည်တံ့စေရေး၊ သဘာဝသစ်တောကျန်များ ထိန်းသိမ်းရေးနှင့် သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရေးလုပ်ငန်းစဥ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဓိကတွေ့ကြုံနေရသည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ထို့ကြောင့် ထင်းနှင့် မီးသွေးသုံးစွဲမှု လျော့ကျစေရန် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် ထင်းလောင်စာသုံးစွဲမှုလျှော့ချနိုင်ရေးအတွက် ၁၉၉၇ ခုနှစ်မှ ယနေ့အချိန်အထိ စွမ်းအားမြှင့်မီးဖို ၇၄၂,၀၀၀ ကျော် ပြည်သူများထံ အခမဲ့ဖြန့်ဝေပေးနိုင်ခဲ့သည့်အပြင် ကိုရီးယားသမ္မတနိုင်ငံ Climate Change Center (CCC)နှင့် ပူးပေါင်း၍ စီမံကိန်းကာလ နှစ်နှစ်အတွင်း စွမ်းအားမြှင့် မီးဖို ၂၁၈,၉၅၅ လုံး ဖြန့်ဝေနိုင်ခဲ့ပြီး ကာဗွန်ထုတ်လွှတ်မှုတန် ၃၈၅,၀၀၀ ကျော်လျှော့ချနိုင်ခဲ့ပြီး စီမံကိန်းကာလအတွင်း စောင့်ကြည့်အကဲဖြတ် ရလဒ်များအပေါ်အခြေခံ၍ ပိုမိုကောင်းမွန်သော ရလဒ်များရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။