

၂၈. ၁၂. ၂၀၂၄
Written by Nyein Kyaw
ပို့ကုန်/သွင်းကုန်များအပေါ် အခွန်ကြီးကြပ်ကောက်ခံခြင်းအား လက်ရှိကောက်ခံနေသည့် ဗဟိုဘဏ်မှထုတ်ပြန်သည့် ရည်ညွှန်းငွေလဲလှယ်နှုန်းအစား ဈေးကွက်ငွေလဲလှယ်နှုန်းကို အခြေခံသည့် အပတ်စဉ် နိုင်ငံ ခြားငွေလဲလှယ်နှုန်းဖြင့် ကောက်ခံမည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနမှ ဒီဇင်ဘာ ၂၇ ရက်တွင် အသိပေးကြေညာထားသည်။
လက်ရှိတွင် တင်သွင်း၊ တင်ပို့သည့် ကုန်ပစ္စည်းများအပေါ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နေ့စဉ်ထုတ်ပြန်လျက်ရှိသည့် ရည်ညွှန်းငွေလဲလှယ်နှုန်း (Reference Rate) တစ်ဒေါ်လာ ကျပ် ၂,၁၀၀ အပေါ်အခြေခံသည့် အပတ်စဉ်နိုင်ငံခြားငွေလဲလှယ်နှုန်း (Weekly Exchange Rate) ဖြင့် အခွန်စည်းကြပ်ကောက်ခံနေခြင်းဖြစ်သည်။
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ အမိန့်ကြော်ငြာစာအမှတ် (၉၀/၂၀၂၄) အရ အကောက်ခွန်ဦးစီးဌာနသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှစတင်၍ ရည်ညွှန်းငွေလဲလှယ်နှုန်း (Reference Rate) အစား ဈေးကွက်ငွေလဲလှယ်နှုန်း (Market Trading Rate) တစ်ဒေါ်လာ ကျပ် ၃,၅၈၀ ဝန်းကျင် အပေါ်အခြေခံသည့် အပတ်စဉ် နိုင်ငံခြားငွေလဲလှယ်နှုန်း (Weekly Exchange Rate) ဖြင့် ပြောင်းလဲ၍ အခွန်စည်းကြပ် ကောက်ခံမည်ဖြစ်ကြောင်း အသိပေးထားသည်။
အခွန်စည်းကြပ်ကောက်ခံရာတွင် အသုံးပြုမည့် ဈေးကွက်ငွေလဲလှယ်နှုန်း (Market Trading Rate) ကို အခြေခံ၍ အပတ်စဉ်နိုင်ငံခြားငွေလဲလှယ်နှုန်း (Weekly Exchange Rate) များကိုလည်း အကောက်ခွန်ဦးစီးဌာန၏ Website ၊ Facebook Page များတွင် အပတ်စဉ် ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။
ရည်ညွှန်းငွေလဲလှယ်နှုန်း (Reference Rate) သည် တစ်ဒေါ်လာ ၂,၁၀၀ ဖြစ်ပြီး ယခုပြောင်းလဲကောက်ခံမည့် ဈေးကွက်ငွေလဲလှယ်နှုန်း (Market Trading Rate) သည် ယနေ့တွင် တစ်ဒေါ်လာ ၃,၅၈၆ ကျပ်ဖြစ်သည့်အတွက် ယခင်ကောက်ခံမှုနှုန်းထားထက် ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ကျပ် ၁၄၈၀ ကျော်အထိ မြင့်တက်လာမည်ဖြစ်သည်။