၂၇. ၁၂. ၂၀၂၄
Written By Zun
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံ-ချောက် ကားလမ်းဘေးရွာတစ်ရွာတွင် PDF များ ဓားပြဝင် တိုက်ကာ လူနှစ်ဦးကို သတ်ဖြတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ ဒီဇင်ဘာလ ၂၆ ရက် ည ၈ နာရီခန့်က ပုဂံ- ချောက်ကားလမ်းဘေး ကြအိုကျွန်းကျေးရွာတွင် ဖွင့်လှစ် ထားသည့် “အောင်သိုက်ဦး တောင်သူလယ်ယာသုံး စက်ပစ္စည်းနှင့် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်”ကို အဆို ပါ PDF များက ဝင်ရောက်စီးနင်း၍ ဓားပြတိုက်ခဲ့သည်။
PDF အကြမ်းဖက်များက ယင်းအရောင်းဆိုင်သို့ ဝင်ရောက်ကာ ဆိုင်အတွင်းရှိ ပစ္စည်းအများအပြားကို ယူ ဆောင်၍ ဆိုင်ရှင် အသက် (၄၀)အရွယ် ကိုအောင်သိုက်ဦး (ခ) ကိုဇေယျာထွန်း (ခ) ကိုရာဇာနှင့် ယောက္ခမဖြစ်သူ ဦးနေလင်း တို့ကို သတ်ဖြတ်သွားကြောင်း သိရသည်။
“အဲဒီဒေသမှာက PDF တွေ အနေနဲ့ အများစုဟာ ဓားပြ ဖြစ်ကုန်ကြပါပြီ။ ဒီလို ဖြစ်စဉ်တွေက အမြဲတမ်းလိုလို ဖြစ် နေတာပါ။ လူသိလိုက်တဲ့ ဖြစ်စဉ်တွေ ရှိတယ်။ လူမသိလိုက်တဲ့ ဖြစ်စဉ်တွေ ရှိတယ်”ဟု ညောင်ဦးမြို့ခံ တစ်ဦးက MT News ကို ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၅ ရက် နံနက် ၅ နာရီခန့်ကလည်း ညောင်ဦးမြို့နယ် ပျော်ဘွယ်ကျေးရွာတွင် စက်သုံးဆီ ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူ ဦးမောင်ဝင်း၏ နေအိမ်သို့ PDF ၂ ဦး ရောက်ရှိလာကာ ငွေ ၁၀ သိန်းကို ဓားပြတိုက်ယူသွားကြောင်း သိရသည်။
ယင်းအပြင် ဒီဇင်ဘာလ ၂၄ ရက် ည ၇ နာရီခွဲအချိန်ကလည်း ပုဂံ-ချောက် ကားလမ်းဘေးရှိ ညောင်ဦးမြို့နယ် ပျော်ဘွယ်ကျေးရွာရှိ ဦးရွှေတင့်၏ အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးဆိုင်သို့ PDF ၇ ဦး ဝင်ရောက်၍ ဦးရွှေတင့် အား ရိုက်နှက်ဓားပြ တိုက်ကာ ငွေကျပ်သိန်း ၂၀၀ ကျော် ယူဆောင်သွားခဲ့သေးကြောင်း သိရသည်။
အလားတူ ဒီဇင်ဘာလ ၇ ရက် ညပိုင်းက ညောင်ဦးမြို့နယ်၊ မီးလောင်ဖျား(မြောက်) ကျေးရွာအနီးရှိ မေရီမြင့် စက်သုံးဆီဆိုင်ပိုင်ရှင်အမျိုးသမီးနှင့် ဝန်ထမ်းအမျိုးသမီးကို PDF အကြမ်းဖက်များက သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်သတ်ဖြတ်ကာ ကျပ်သိန်း ၇၀၀ ခန့် ဓားပြတိုက်သွားခဲ့ကြောင်းလည်း သိရသည်။