၂၇.၁၂.၂၀၂၄
Translated by Htwe Ko Tun
နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားတွေကို သယ်ဆောင်လာတဲ့ ဘတ်စ်ကားတစ်စီးဟာ Lofoten ကျွန်းစုနဲ့ နော်ဝေနိုင်ငံပြည်မကြီးကို ခွဲခြားထားတဲ့ Raftsundet ရေလက်ကြားအနီးမှာ လမ်းပေါ်မှာချော်ပြီး လမ်းဘေးရှိကန်တစ်ကန်ထဲကို တစ်စိတ်တစ်ပိုင်းနစ်မြုပ်တဲ့အထိ ဖြစ်ခဲ့လို့ လူသုံးဦးသေဆုံးကာ လေးဦးဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဒီဇင်ဘာလ ၂၆ ရက်မှာ ပြောကြားခဲ့ပါတယ်။
ရဲတပ်ဖွဲ့က ကားမှောက်မှုမှာ လူ ၅၈ ဦးအထိ သက်ရောက်မှုရှိခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ ကားပေါ်မှာ လိုက်ပါလာသူ အများစုက နိုင်ငံခြားသားတွေဖြစ်ကြပြီး တရုတ်၊ ပြင်သစ်၊ အိန္ဒိယ၊ မလေးရှား၊ နယ်သာလန်၊ နော်ဝေ၊ စင်ကာပူနဲ့ တောင်ဆူဒန် နိုင်ငံသားတွေပါဝင်တယ်လို့လည်း သိရပါတယ်။
Lofoten ကျွန်းစုဟာ ဆောင်းရာသီကာလဆိုရင် မြောက်ပိုင်းအလင်းရောင်တွေကိုစောင့်ကြည့်ဖို့ ခရီးသွားအများအပြားလာရောက်ကြတဲ့နေရာပါ။
ယာဉ်မတော်တဆမှုမှာ ကယ်ဆယ်ခဲ့ရတဲ့ ခရီးသည်တွေကိုတော့ ဒေသတွင်းကျောင်းတစ်ကျောင်းကို သယ်ဆောင်ပြောင်းရွှေ့ခဲ့ကြပြီး သုံးဦးကိုတော့ ဆေးရုံကို ရဟတ်ယာဉ်နဲ့ပို့ပေးခဲ့ရပါတယ်။ ရဲတပ်ဖွဲ့က ဒေသတွင်းမှာ ရာသီဥတုအခြေအနေဆိုးဝါးနေပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကိုခက်ခဲစေခဲ့တယ်လို့ ပြောခဲ့ပါတယ်။
လောလောဆယ်မှာတော့ ဒေသအတွင်း လေပြင်းတွေတိုက်ခတ်လျက်ရှိပါတယ်။
ခရီးသွားတွေရဲ့ စာရင်းအပြည့်အစုံနဲ့ နိုင်ငံသားတွေကို အားလုံးတိကျစွာမရသေးတော့ မိသားစုတွေဆီ ဆက်သွယ်ဖို့ နှောင့်နှေးနေရတယ်လို့ သိရပါတယ်။
Ref-AFP