၂၇. ၁၂. ၂၀၂၄
Written by Nyein Kyaw
နိုင်ငံတော်အတွက် အကောက်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန် အစရှိသည့် အခွန်အရပ်ရပ်များ အပြည့်အဝကောက်ခံနိုင်ရန် လိုအပ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ယမန်နေ့တွင် ရန်ကုန်မြို့ရှိ အကောက်ခွန်ဦးစီးဌာန၌ အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် မှာကြားသည်။
အကောက်ခွန်ဦးစီးဌာနသည် နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာငွေများကို အဓိကရှာဖွေပေးရသည့် ဌာနတစ်ခုဖြစ်ကြောင်း၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများတွင်လည်း အဓိကတာဝန်ယူ ဆောင်ရွက်ရသည့်ဌာနဖြစ်သည့်အတွက် တာဝန်ရှိသူများအနေဖြင့် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများအတိုင်း တိကျစွာ လိုက်နာကျင့်ကြံဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
နိုင်ငံတော်အတွက် အကောက်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန် အစရှိသည့် အခွန်အရပ်ရပ်ကို အပြည့်အဝကောက်ခံနိုင်ရန်လိုအပ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ ဖြစ်ကြသည့် အားလျော်စွာနိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးအတွက် ကြိုးပမ်း တာဝန်ထမ်းဆောင်ကြရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက မှာကြားသည်။
ထို့ပြင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်)မှ အရာထမ်းများအားတွေ့ဆုံပြီး စိုက်ပျိုးစရိတ်ချေးငွေနှင့် ဖွံ့ဖြိုးရေးချေးငွေများ ထုတ်ချေးရာတွင်လည်းကောင်း၊ ချေးငွေများ ပြန်လည်ကောက်ခံရာတွင်လည်းကောင်း စနစ်တကျဆောင်ရွက်ရန်၊ ငွေကြေးအလွဲသုံးစားမဖြစ်စေရေး အဆင့်ဆင့်ကြီးကြပ်စစ်ဆေးဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့သည်။