၂၇.၁၂.၂၀၂၄
Written By Zun
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်တွင် ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်းတစ်ဦးကို သူ၏သူငယ်ချင်းနှစ်ဦးက လည်လှီးသတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
အသတ်ခံရသူမှာ တောင်ဥက္ကလာပမြို့နယ်၊ (၁၄)ရပ်ကွက်၊ သံသုမာလမ်းနှင့် မြင်သာ(၃)လမ်းထောင့်ရှိ ဆောက်လက်စ ကားအလှဆင်စက်ရုံတွင် လုံခြုံရေးတာဝန်ချထားသည့် ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီမှဝန်ထမ်းဖြစ်သူ ကိုရန်နောင်ဦး ဆိုသူ ဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာလ ၂၅ ရက် ည ၁၀ နာရီခန့်က ကိုရန်နောင်ဦး၏ သူငယ်ချင်းများဖြစ်သော စောထီဒိုဝါး(ခ)ကရင်နှင့် ဆလိုင်းအောင်ဆွေ(ခ)ဆလိုင်းတို့ရောက်လာကာ အရက်အတူသောက်ရာမှ စကားများရန်ဖြစ်ကြခြင်းဖြစ်ကြောင်း၊ ယင်းနောက် ကိုရန်နိုင်ဦးက အရက်မူး၍ အိပ်ပျော်သွားစဉ် ၎င်း၏ သူငယ်ချင်းများဖြစ်သော ကရင်က ကိုရန်နိုင်ဦးကို ကိုင်ချုပ်ပေးထားကာ ဆလိုင်းကဓားမဖြင့် လည်ပင်းကိုလှီးဖြတ်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
“အရက်သောက်စကားများရန်ဖြစ်ကြတာ။ ချက်ခြင်းသေတာမဟုတ်ဘဲ မြောက်ဥက္ကလာဆေးရုံကိုပို့တာ လမ်းမှာတင် သွေးထွက်လွန်ပြီးသေတာ”ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက MT News ကို ပြောသည်။
အဆိုပါအမှုနှင့်ပတ်သက်၍ တိုင်ချက်ဖွင့်လာသောကြောင့် သက်ဆိုင်ရာက အချိန်တိုအတွင်း စုံစမ်းဖော်ထုတ်ရာ လူသတ်မှု ကျူးလွန်သူ နှစ်ဦးကို ဒီဇင်ဘာလ၂၆ ရက် နံနက် ၃ နာရီခွဲခန့်တွင် ဖမ်းဆီးရမိကြောင်း သိရသည်။
ယခုအခါ တောင်ဥက္ကလာပရဲစခန်းမှ (ပ)၃၃၉/၂၀၂၄၊ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် ကျူးလွန်သူနှစ်ဦးကို အမှုဖွင့် အရေးယူထားပြီး စစ်ဆေးရာ သတ်ဖြတ်သည်ဟု ဝန်ခံထွက်ဆိုထားကြောင်း၊ ယင်းကြောင့် ဥပဒေအတိုင်း ဆက်လက် အပြစ်ပေးအရေးယူမည်ဖြစ်ကြောင်း သိရသည်။ (Photo – Credit)