◾ PDF များ ကျူးလွန်သည်ဟု မုံရွာပလဖပို့စ်အောက် မန့်သူများကို Comment ဖျက်ပြီး Block လုပ်နေ
၂၇. ၁၂. ၂၀၂၄
Written by Nay Moe
PDF များပါဝင်သော လူသတ်လုယက်မှုများ မကြာခဏဖြစ်ပွားနေသည့် စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ယမန်နေ့နံနက်ပိုင်းအချိန်က လူသတ်ပြီး ကားတစ်စီးလုယက်ယူဆောင်မှု ဖြစ်ပွားခဲ့သည့်ဖြစ်စဥ်မှ တရားခံများကို ဖမ်းမိခဲ့ပြီဖြစ်ကြောင်း မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က ထုတ်ပြန်ထားသည််။
သတ်ဖြတ်မှုဖြစ်စဥ်မှာ မုံရွာမြို့၊ မိုးကောင်းလမ်းရှိ အဟောင်းပစ္စည်းရောင်းဝယ်သည့်ဆိုင်ရှင်အမျိုးသမီး ဒေါ်မိုးမိုးစံကို အမျိုးသမီးများပါဝင်သော PDF အဖွဲ့ဟု ယူဆရသည့်လက်နက်ကိုင်များက ဒီဇင်ဘာ ၂၆ ရက် နံနက်ပိုင်းတွင် ပြန်ပေးဆွဲမှု ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး ဆိုင်ရှင်ကို ပြန်ပေးဆွဲချိန် မလိုက်သဖြင့် ရုန်းရင်းဆန်ခတ်ဖြစ်ချိန် ဆိုင်ရှင်အမျိုးသမီးကို သေနတ်ဖြင့် လေးချက်ခန့်ပစ်သတ်ကာ SGG 4D/4110 Wish ကား လုယက်သွားကြခြင်းဖြစ်သည်။
ထို့နောက် မုံရွာပလဖက ပြန်ပေးဆွဲသတ်ဖြတ်မှုကျူးလွန်သည့် PDF များကို လိုက်လံဖမ်းဆီးရာတွင် ကားတွေ့ချိန် တပ်မတော်စစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ကားထားခဲ့ရသော်လည်း ကျူးလွန်သည့် PDF များကို သိရှိထား၍ အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးမည်ဖြစ်ကြောင်း ပို့စ်တစ်ခုတင်ခဲ့သလို ၁၂ နာရီအတွင်း ဖမ်းမိကြောင်းလည်း ပို့စ်ထပ်တင်ခဲ့သည့်အပြင် အာချောင်သည့်မီဒီယာများဟုလည်း မီဒီယာများ၏ သတင်းဖော်ပြမှုကို ဝေဖန်ခဲ့သလို PDF များက ပြန်ပေးဆွဲဓားပြတိုက်ကာ လူသတ်ပြီး ကားလုသည်ဟု မန့်သည့် Comment များကိုလည်း ဖျက်၍ ဘလော့ခ်လုပ်နေကြောင်း သိရသည်။ ထို့အပြင် နီးစပ်သည့် မီဒီယာများကိုလည်း ဖမ်းမိ PDF များမှာ မိန်းကလေးများပါဝင်သည့် ၉ ယောက်ခန့်အုပ်စုဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
“ပြန်ပေးဆွဲရင်း လူသတ်ပြီး ကားလုတဲ့သူတွေကို တပ်နဲ့ရဲလက်ထဲမိရင် ဖော်ထုတ်ခံရရင် ပိုပြီးစိုးမှာကိုး။ အဲဒီတော့ မုံရွာပလဖက အားချင်းလိုက်ဖမ်းတာပေါ့။ သူတို့ ကားတွေ့တဲ့အချိန်မှာ ပြန်ပေးဆွဲ၊ လူသတ်၊ ကားလုတဲ့သူတွေကို မိလိုက်တာမဟုတ်ဘူး။ ကားကိုလည်း သူတို့ယူနိုင်လာတာမဟုတ်ဘူး။ ဒါပေမဲ့ သူတို့ထုတ်ပြန်ချက်မှာ ပြန်ပေးဆွဲလူသတ်ကားလုတဲ့သူတွေကို သိတယ်။ အမြန်ဆုံးဖမ်းမယ်လို့ ထည့်ရေးကတည်းက PDF တွေမို့လို့ သူတို့ချင်းသိနေလို့ပေါ့။ အခုက မုံရွာမှာ လူလည်းသတ်၊ ပစ္စည်းလည်းယူတဲ့ PDF တွေ ပိုကြောက်ရတယ်။ အဲဒါကြောင့် မုံရွာက လုပ်ငန်းရှင်တော်တော်များများလည်း မြို့မှာမနေကြတော့ဘူး”မုံရွာမြို့ခံလုပ်ငန်းရှင်တစ်ဦးက သူ၏ ထင်မြင်ချက်ကိုပြောသည်။
PDF များ ပြန်ပေးဆွဲချိန် မလိုက်သဖြင့် ပစ်သတ်ခံရကာ ကားပါလုယက်ခံရသော မမိုးမိုးစံမှာ အသက် ၃၀ ကျော်သာရှိသေးပြီး ရင်သွေးသုံးဦးကျန်ခဲ့သလို မုံရွာပလဖ၏ ထုတ်ပြန်ချက်အောက်တွင်လည်း Comment အချို့ဖျက်ထားသည်ကို MT News က တွေ့ရှိရသည်။ ထို့ပြင် မမိုးမိုးစံ၏ ခင်ပွန်းကိုလည်း လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးသွားသည်ဟုလည်း အတည်မပြုနိုင်သေးသော သတင်းများ ထွက်ပေါ်နေသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၆ ရက် နေ့လယ်ပိုင်းကလည်း စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မြဝတီရပ်ကွက်တွင်ရှိသည့် နဝရတ် စိန်၊ ပလက်တီနမ်ရတနာဆိုင်ကို စျေးဝယ်ဟန်ဆောင်ပြီး ရောက်လာသည့် PDF ငါးဦးက ဓားပြတိုက်ကာ ဆိုင်ရှိ စိန်ရွှေရတနာပစ္စည်း ကျပ်သိန်း ၁၅၀၀၀ ကျော်ဖိုး အကုန် လုယက်သွားကြပြီး ထိုဖြစ်စဥ်ကို မုံရွာပလဖက လိုက်လံဖမ်းဆီးရာမှ အမျိုးသမီးနှစ်ဦး ပါဝင်သော PDF ၉ ဦးအဖွဲ့က ဓားပြတိုက်ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ကာ ၇ ဦးဖမ်းမိသော်လည်း လုယက်ခံစိန်ရွှေရတနာများကို မုံရွာပလဖက ပြန်ပေးခြင်းမရှိသေးချေ။
ထို့အပြင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် သြဂုတ်လ ၁၀ ရက်ကလည်း မုံရွာမြို့၊ ထန်းတောရပ်ကွက်၊ အင်းဖြတ်လမ်းရှိ နေအိမ်ကို Monywa Force PDF အဖွဲ့မှ PDF ၇ ဦးပါဝင်သောအဖွဲ့က ဓားပြတိုက်ကာ မွေးဖွားရက်နီး ကိုယ်ဝန်ဆောင်အမျိုးသမီး မအေးငြိမ်းသူကို ပစ်သတ်ခဲ့သလို ထိုဖြစ်စဥ်ကိုလည်း မုံရွာပလဖက Live လွှင့်ပြီးမှ သတင်းပြန်ဖြုတ်ချကာ ထိုဖြစ်စဥ်ကိုလည်း လူထုမေ့ပျောက်အောင် သတင်းဖုံးခဲ့သည်။
ထို့အတူ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်ကလည်း ဒလန်ဆိုင်ဟု သတင်းလွှင့်ခံရသည့် မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ရွှေမုံရွာ ရတနာရွှေဆိုင်ကို PDF များက ဓားပြတိုက်ကာ ဆိုင်ရှင်အမျိုးသားကိုပါ သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုလည်း ဖြစ်ပွားခဲ့သည်။
ယင်းအပြင် သိန်းတရာရွှေဆိုင်ကိုလည်း ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၁ ရက်တွင် လူ ၄ ဦးပါသော အဖွဲ့က ဓားပြတိုက်ကာ ထိုအချိန်ကရွှေစျေးအရ ကျပ်သိန်း ၃၀၀၀၀ ကျော် တန်ဖိုးရှိ ရွှေ ၁၀ ပိဿာခန့်လုယက်မှုလည်းဖြစ်ပွားခဲ့ပြီး ထိုဖြစ်စဥ်ကို PDF များ ကျုးလွန်ကြောင်းလည်း နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ကာ PDF များဘက်ကမူ တုံ့ပြန်ရှင်းလင်းနိုင်ခြင်းမရှိခဲ့ချေ။
ပုံစာ။ PDF များ၏ ပြန်ပေးဆွဲသတ်ဖြတ်မှုခံရသော ဒေါ်မိုးမိုးစံနှင့် မုံရွာပလဖ ထုတ်ပြန်ချက်ပုံရိပ်အချို့(Photo – Credit)