၂၇. ၁၂. ၂၀၂၄
Written by Nay Moe
စမ်းချောင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ပစ်သတ်တဲ့ FLA အဖွဲ့က PDF တွေ စီးလာတဲ့ အငှားယာဉ်ဟာ ယာဉ်မောင်းနဲ့တကွ ပျောက်ဆုံးနေကြောင်း ကြေညာထားတဲ့ အငှားယာဉ်ဖြစ်နေပြီး ယာဉ်မောင်းအခြေအနေ မသိရဖြစ်နေတယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက် ညနေပိုင်းမှာ YGN-8 GG-6136 Fielder အဖြူရောင်အငှားယာဉ်မောင်းနှင်သူ ကိုသီဟကျော်ဟာ မိသားစုနဲ့ အဆက်အသွယ်ပြတ်တောက်သွားပြီး ပျောက်ဆုံးနေခဲ့တာပါ။ ဒါပေမဲ့ ဒီဇင်ဘာ ၂၆ ရက်ညမှာတော့ စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူးကို လုပ်ကြံသတ်ဖြတ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုင်းထောင်ဖောက်ခွဲမှုများစွာ ကျူးလွန်ထားတဲ့ Free Land Attack Force (FLA) အဖွဲ့ဝင်လေးဦးကို လက်နက်၊ ခဲယမ်းတွေနဲ့ ယာဉ်တစ်စီးနဲ့အတူဖမ်းမိခဲ့တယ်လို့ သတင်းထုတ်ပြန်ရာမှာ ဖမ်းမိတဲ့ယာဉ်က ကိုသီဟကျော် မောင်းနှင်နေတဲ့ YGN-8 GG-6136 Fielder အဖြူရောင်အငှားယာဉ်ဖြစ်နေတာပါ။
ဒါပေမဲ့ ဟုမ်းလမ်းဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူးဦးစန်းငွေကို ဒီဇင်ဘာ ၂၄ ရက် ညပိုင်းမှာ သတ်ဖြတ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုင်းခွဲဖျက်ဆီးမှုများစွာနဲ့ ဖမ်းဆီးခံရတဲ့ တရားခံလေးဦးစာရင်းမှာတော့ ယာဉ်မောင်းက ဇော်ဇော်ဗိုလ် (ခ) ထွန်းထွန်းအောင်ဆိုသူဖြစ်နေပြီး ကျန်သူတွေကတော့ ကျော်ဇင်ဦး (ခ) ကျောင်းဆရာ၊ မေမြတ်သဉ္ဇာကျော်(ခ)ငယ်ငယ်နဲ့ စိုင်းနောင်ထက် (ခ) အာကြီးဆိုသူတို့ဖြစ်နေပြီး ကိုသီဟကျော်ကတော့ ဖမ်းမိတဲ့ တရားခံစာရင်းမှာလည်း မပါဝင်၊ သေလား ရှင်လားလည်း မသိရတဲ့အခြေအနေဖြစ်နေတယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့ စုံစမ်းတာလည်း အခုထိ ကိုသီဟကျော်နဲ့ ပတ်သက်ပြီး ထူးထူးခြားခြားမသိရဖြစ်နေတာပေါ့။ ထုတ်ပြန်ချက်မှာလည်း ကိုသီဟကျော်နဲ့ပတ်သက်ပြီး ဘာမှပါမလာဖြစ်နေတာ။ အဲဒီတော့ ဖမ်းမိတဲ့ PDF တွေကပဲ အငှားယာဉ်လုပြီး သတ်တာလား၊ ဖမ်းထားလား။ လူကို ဘာလုပ်လိုက်သလဲ။ ဘာမှ မသိရဖြစ်နေတာ။ PDF တွေကိုမှ လူသတ်၊ ဗုံးခွဲမှုတွေကလည်း အများကြီးပါနေတာဆိုတော့ မိသားစုက စိုးရိမ်ထိတ်လန့်ပြီး ဘာလုပ်ရမယ်မသိဖြစ်နေတာပေါ့” လို့ ကူညီရှာဖွေပေးတဲ့ မိတ်ဆွေတစ်ဦးက သူသိရှိရတဲ့ဖြစ်စဉ်ကို ပြောပါတယ်။
လက်ရှိမှာတော့ ပျောက်ဆုံးနေတဲ့ YGN-8 GG-6136 Fielder အငှားယာဉ်မောင်း ကိုသီဟကျော်ဟာ Free Land Attack Force (FLA) နဲ့ ဆက်နွှယ်နေသူ ဟုတ် မဟုတ်ဆိုတာ၊ Free Land Attack Force (FLA) ဟာ ဦးစန်းငွေကို လုပ်ကြံဖို့အတွက် ကားလုယက်ခဲ့ပြီး ကိုသီဟကျော်ကို ဖမ်းဆီး၊ သတ်ဖြတ်လိုက်တာ ဟုတ်မဟုတ် ကွဲကွဲပြားပြားသိရဖို့ MT News က တာဝန်ရှိသူတွေထံ ဆက်လက်စုံစမ်းနေပါတယ်။