
၂၇.၁၂.၂၀၂၄
Translated by Htwe Ko Tun
ဒီဇင်ဘာလ ၂၅ ရက်မှာ အဇာဘိုင်ဂျန်နိုင်ငံကနေ ရုရှားနိုင်ငံ၊ ဂရို့စ်နီမြို့ကို ပျံသန်းလာနေတုန်း ကာဇက်စတန်နိုင်ငံအတွင်း Aktau လေဆိပ်အနီး အဇာဘိုင်ဂျန်လေကြောင်းမှ ခရီးသည်တင် Embraer 190 လေယာဉ်ပျက်ကျခဲ့မှုဟာ ရုရှားနိုင်ငံရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ် ဒုံးကျည်ထိမှန်ခဲ့မှုကြောင့် ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ အမေရိကန် တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာလ ၂၆ ရက်မှာ ပြောခဲ့ပါတယ်။
အမေရိကန်တာဝန်ရှိသူက လေယာဉ်ပျက်မကျမီ ရုရှားဒုံးကျည်ထိမှန်ခဲ့တယ်လို့ဆိုရမယ့် လက္ခဏာတစ်ရပ်ကိုတွေ့ရှိရတယ်လို့ ဆိုခဲ့ပါသေးတယ်။ ဒီလို အစောပိုင်းတွေ့ရှိချက်တွေကို မှန်ကန်တယ်လို့ အတည်ပြုနိုင်ခဲ့မယ်ဆိုရင် ဒါဟာ မတော်တဆ မှားယွင်းပစ်ခတ်မှုတစ်ရပ်လည်းဖြစ်နိုင်တယ်လို့ အမေရိကန်တာဝန်ရှိသူက ပြောခဲ့ပါတယ်။
သူက ယူကရိန်းက အသုံးပြုနေတဲ့ ဒရုန်းတိုက်ခိုက်ရေးလေယာဉ်တွေကို ပစ်ချဖို့ လေ့ကျင့်သားကောင်းစွာမပြည့်ဝတဲ့ ရုရှားတပ်ဖွဲ့တွေက ဒီလေယာဉ်ကို မှားယွင်းပစ်ချခဲ့မိတာဖြစ်မယ်လို့ ပြောခဲ့တာပါ။
ဓာတ်ပုံနဲ့ဗီဒီယိုတွေအရ ပျက်ကျခဲ့တဲ့လေယာဉ်ကိုယ်ထည်မှာ အပေါက်တွေ တွေ့ရှိရတယ်လို့ဆိုပါတယ်။ ဒါကြောင့် ငှက်အုပ်တစ်အုပ်နဲ့ ဝင်တိုးမိပြီးတဲ့နောက် လေယာဉ်ပျက်ကျခဲ့တယ်လို့ အစောပိုင်းက ယူဆခဲ့ကြပါတယ်။ အဇာဘိုင်ဂျန်နဲ့ ရုရှားတို့ကလည်းလေယာဉ်ဟာငှက်အုပ်နဲ့ဝင်တိုးမိခြင်းလို့ မူလကပြောထားကြပါတယ်။
ပျက်ကျလေယာဉ်ရဲ့ဒုတိယမြောက်မှတ်တမ်းတင်သေတ္တာနက်ကို ဒီဇင်ဘာလ ၂၆ ရက်က ထပ်မံတွေ့ရှိခဲ့ပြီးချိန်မှာတော့ ကာဇက်စတန်နိုင်ငံရဲ့ သယ်ယူပို့ဆောင်ရေးဝန်ကြီး မာရတ်ကာလာဘာရက်ဗ်က အဇာဘိုင်ဂျန်လေကြောင်းမှလေယာဉ်ဟာ လေယာဉ်ပေါ်မှာသယ်ဆောင်လာတဲ့ အောက်ဆီဂျင်ဓာတ်ငွေ့သိုလှောင်ရန် ကန်တစ်ခုပေါက်ကွဲပြီးတဲ့နောက် ပျက်ကျခဲ့တာလို့ပြောခဲ့ပါတယ်။
ကာဇက်စတန် အထက်လွှတ်တော်ဥက္ကဋ္ဌမော်လင် အရှင်ဘာရက်ဗ်ကတော့ လေယာဉ်ကိုယ်ထည်မှာ တွေ့ရတဲ့ အပေါက်တွေ၊ ထိခိုက်ပျက်စီးမှုတွေနဲ့ ပတ်သက်လို့ ဘာကြောင့်ဖြစ်မလဲ ခွဲခြားမပြောနိုင်သေးဘူးလို့ ဒီဇင်ဘာလ ၂၆ ရက်က ဆိုပါတယ်။ အခုအခါ လေယာဉ်ပျက်ကျမှုအပေါ် စုံစမ်းစစ်ဆေးဖို့ ကာဇက်စတန်၊ အဇာဘိုင်ဂျန်နဲ့ ရုရှား သုံးနိုင်ငံတို့မှ ကိုယ်စားလှယ်တွေ ပါဝင်တဲ့ကော်မရှင်ကို တည် ထောင်ထားပါတယ်။
ထပ်မံရရှိတဲ့သတင်းတွေအရတော့ အဇာဘိုင်ဂျန်နိုင်ငံရဲ့လေယာဉ်ပျက်ကျမှုအတွက် ရှေးဦးစုံစမ်းချက်တွေမှာ ရုရှားလေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်ထိမှန်ပြီး ပျက်ကျရတာလို့ ဆိုခဲ့ပြန်ပါတယ်။
ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်ကတော့ လေယာဉ်ပျက်ကျမှုအပေါ် ခန့်မှန်းထင်မြင် ချက်တွေက မှန်ကန်မှုမရှိဘဲ စုံစမ်းစစ်ဆေးမှုပြုနေတုန်း မှားယွင်းစွာ မခန့်မှန်းကြဖို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။
Ref- CNN, Ria Novosti