၂၇.၁၂.၂၀၂၄
Written by Hey Mar
မွေးစားမိဘတွေ နှိပ်စက်မုဒိမ်းကျင့်လို့ ချူခြာဘဝပျက်ရတဲ့ ပဲခူးရိုးမ တောင်ပေါ်ဒေသက အသက်ငါးနှစ်အရွယ် မီးငယ်လို့ နာမည်လွှဲတပ်ထားတဲ့ သမီးငယ် ဒီနေ့မနက် ၆ နာရီခွဲက တောင်ငူဆေးရုံကြီးမှာ ကျောက်ကပ်ဝေဒနာနဲ့ ဆုံးပါးသွားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၃ ရက်နေ့ကတည်းက ကလေးကဖောယောင်လာတာလို့ ကလေးရဲ့အမှုကိစ္စအပါအဝင် မိသားစုတွေကိုပါခေါ်ယူစောင့်ရှောက်ထားတဲ့ တောင်ငူမြို့က Save The Trees Rescue Team မှ တာဝန်ရှိသူက ပြောပါတယ်။
သူက “၂၆ ရက်နေ့က ၅ ကြိမ်မြောက် ရုံးချိန်းကို မူးယစ်အမှုတွေ များနေလို့ ကျွန်တော်တို့အမှုက နောက်ဆုတ်ရတယ်။ မနေ့ကတည်းက ကလေးက အဖောအယောင်လည်း ပြန်ကျပြီး ဝမ်းတွေ ဘာတွေလည်း သွားနေလို့ ပြန်ကောင်းပြီလို့စိတ်က ထင်လိုက်တာ။ ညကအထိ ဆော့နေသေးတာ။ ဒီမနက်မှ ကလေးတက်လို့ဆိုပြီး အရေးပေါ်ဖြစ်ပြီး အသက်ပါ ပါသွားတာ” လို့ MT News ကို ပြောပါတယ်။
မီးငယ်ဟာ မွေးစားမိဘတွေရဲ့ နှိပ်စက်မှုကို ခံစားခဲ့ရတဲ့အတွက် မြင်သာတဲ့ ပြင်ပဒဏ်ရာတွေအပြင် မကြာခဏလည်း ချူချူခြာလွန်းတာကြောင့် ဆေးရုံတက်ရသူပါ။ မုဒိမ်းကျင့်နှိပ်စက်မှုဒဏ်ကြောင့် ကိုယ်အင်္ဂါချို့တဲ့ပျက်စီးရတဲ့အပြင် စိတ်ဒဏ်ရာနဲ့ ကိုယ်တွင်းထိခိုက်ဒဏ်ရာတွေပါ ခံစားနေရတယ်လို့လည်း မီးငယ်ကို ကူညီဆောင်ရွက်ပေးနေသူ ကိုကျော်သူရက ဆေးစစ်ချက်မှတ်တမ်းတွေကို ကိုးကားပြီး ပြောပါတယ်။ သမီးငယ်က နှိပ်စက်ခံထားရတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေအဖြစ် အသည်း၊ ကျောက်ကပ်နဲ့ အဆုတ် ထိခိုက်ဒဏ်ရာတွေရရှိထားပါတယ်။
ကိုကျော်သူရက “အမှုကတော့ ဆက်သွားနေမှာပါ။ သက်သေတွေ ဆေးစစ်ချက်တွေ အကုန်ရှိပြီးသားမို့ ကျူးလွန်သူတွေ ထိုက်သင့်တဲ့ နှစ်ရှည်ထောင်ဒဏ်တွေနဲ့ ဥပဒေရဲ့ အဆုံးအမ ခံစားရအောင် ဆောင်ရွက်သွားမှာပါ” လို့ MT News ကို ပြောပါတယ်။
အမှုကို ကြားနာနေဆဲမှာ သေဆုံးသွားရတဲ့ ကျူးလွန်ခံရသူ သမီးငယ်ရဲ့ မျက်မြင်တွေ့ရှိထားတဲ့ ပြင်ပဒဏ်ရာတွေနဲ့ ကလေးရဲ့ ထွက်ဆိုပြောပြချက်တွေက မွေးစားအဖေက အိမ်မှာတစ်ခါ တောထဲမှာတစ်ခါ ပြုကျင့်ကြောင်း၊ ထမင်းခိုးစားလို့ဆိုကာ မျက်နှာကိုဓားနဲ့ ခုတ်ကြောင်း၊ ပါးစပ်ထဲကိုရေနွေးပူလောင်းထည့်ကြောင်း၊ လက်ကို မီးနဲ့ ရှို့ကြောင်း၊ ထမင်းအငတ်ထား ကြောင်း၊ မျက်နှာကိုလက်သီးနဲ့ထိုးတာကြောင့် သွားတွေကျိုးပြီးသွားဖုံးတွေကွဲသွားကြောင်း စသဖြင့် ပြောပြပြီး မြင်သာတဲ့ ဒဏ်ရာတွေအပါအဝင် ကလေးမှာ ဒဏ်ရာအမြောက်အများ ရရှိထားတာကို တွေ့မြင်ရတာပါ။
မီးငယ်ရဲ့အမှုကို အုတ်တွင်းရဲစခန်းက ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့က အမှုဖွင့်လှစ် စုံစမ်းစစ်ဆေးခဲ့ပြီး ကျူးလွန်သူ မွေးစားမိဘ နှစ်ဦးကို ချက်ချင်းဖမ်းဆီးချုပ်နှောင်ခဲ့ကာ၊ ရာဇသတ်ကြီး ပုဒ်မ ၃၄/၁၁၄ နဲ့ ပုဒ်မ ၃၇၆ စတဲ့ အမှုနှစ်ခုနဲ့ စွဲဆိုထားပြီး အုတ်တွင်းခရိုင်တရားရုံးက လက်ခံကြားနာနေတာလည်း ဖြစ်ပါတယ်။