MT News
သုံးနှစ်ခန့်ပိတ်ထားသည့် ထိုင်း-မြန်မာနယ်စပ်၊ မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတားအမှတ်(၁)ကို ဇန်နဝါရီ ၁၂ ရက် ထိုင်းစံတော်ချိန် နံနက် ၉ နာရီခွဲအချိန်တွင် ပြန်လည်ဖွင့်လှစ်မည်ဟု မဲဆောက်မြို့တော်ဝန် Mr. စုံချိုင် တရိုင်ထစ်ချတ်စကွန်က ထုတ်ပြန်ခဲ့သော်လည်း မြန်မာနိုင်ငံဘက်က မသိရှိသေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားသည်။
“သူတို့ဖွင့်မယ်ဆိုရင်လည်း ကျွန်တော်တို့က အပေါ်ကိုတင်ပြပြီးတော့ ခွင့်ပြုချက်ရမှ ဖွင့်လို့ရမှာပါ။နိုင်ငံခြားရေးဝန်ကြီးဌာနကတစ်ဆင့် ကုန်စည်စီးဆင်းမှုဗဟိုကို တင်ပြီး ခွင့်ပြုချက်ရမှ ဖွင့်ပေးလို့ ရမှာပါ။ထိုင်းဘက်က ဖွင့်မယ်ဆိုပေမဲ့လည်း ထုံးစံအတိုင်းပဲ။ ဒီဘက်က ခွင့်ပြုချက်ရမှ ဖွင့်ပေးလို့ ရမှာပေါ့။ နှစ်ဖက်ညှိပြီးမှပါ။ တစ်ဖက်သတ်ဖွင့်လို့မရဘူးပေါ့။ ဒီဘက်ကလည်းသက်ဆိုင်ရာ ပြည်နယ်တိုင်းတွေကလည်း နစက ကိုတင်ရတယ်။ တင်ထားတာရှိတယ်။ ဒါကြောင့် ၁၂ ရက်နေ့ဆိုတာ အတိအကျ ပြောလို့မရသေးဘူး”ဟု အထက်ပါ ဝန်ကြီးဌာန၏ အဆင့်မြင့်အရာရှိတစ်ဦးက MT News သို့ ပြောသည်။
အဆိုပါ တံတားကို ဖွင့်လှစ်ရန် ထိုင်းနိုင်ငံဘက်က ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မေလကတည်းက လုပ်ဆောင်နေခဲ့ခြင်း ဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းတွင် တံတားသန့်ရှင်းရေးလုပ်ငန်းများ၊ လမ်းပြုပြင်မှုများကို အဆက်မပြတ် လုပ်နေခဲ့သည်။
တံတားဖွင့်လှစ်ရေးအတွက် ထိုင်းနိုင်ငံ တက်ခ်ခရိုင် တာဝန်ရှိသူများအနေဖြင့် အစည်းအဝေး အကြိမ်ကြိမ်ပြုလုပ်ခဲ့သည့်အပြင် မြန်မာနိုင်ငံမှတာဝန်ရှိသူများနှင့်လည်း အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံဘက်မှ ထုတ်ပြန်ရာတွင် မြဝတီမြို့မှ မဲဆောက်မြို့သို့သွားရောက်သူများအနေဖြင့် Boder Pass နိုင်ငံကူး နယ်ခြားဖြတ်ကျော်ခွင့်စာအုပ်များကို မြဝတီမြို့၊ ခရိုင်လူဝင်မှုကြီး ကြပ်ရေးဦးစီးဌာနရုံးတွင်ပြုလုပ်၍ ထွက်ခွာနိုင်မည်ဟုလည်း ဖော်ပြထားကြောင်း သိရသည်။