
၂၇ .၁၂.၂၀၂၄
Written by Hey Mar
ကားလမ်းပိတ်နေတာကို ကားကြိုကားကြားကနေ ဆိုင်ကယ်ဖြတ်သန်းမောင်နှင်ဖို့ ကြိုးစားရင်း တွဲကားနှစ်စီးကြားညပ်ကာ လူငယ်တစ်ဦးကားကြိတ်ခံရမှု မနေ့က ဒီဇင်ဘာ ၂၆ ရက်နေ့ ည ၇ နာရီကျော်အချိန်မှာ တောင်ကြီးမြို့၊ အနောက်မြို့ ပတ် လမ်း၊ ရိုးမဘဏ်အနီး ချမ်းမြရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးရှေ့ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။


အနောက်မြို့ပတ်လမ်းက ကားနှစ်စီးဆန့်ကျင်ဘက်မောင်းနှင်နိုင်တဲ့ နှစ်လမ်းသွားဖြစ်ပြီး နေ့စဉ်တွဲကား နဲ့ ၂၂ ဘီးယာဉ်ကြီးတွေ ဖြတ်သန်းမောင်းနှင်နေပြီး ယာဉ်မတော်တဆမှု အတော်သတိထားရတဲ့ မကြာခဏ ဖြစ်ပွားရာလမ်းလို့လည်း ဒေသခံတချို့က တောင်ကြီးသူ တောင်ကြီးသားများ ဆုံစည်းရာဂရုမှာ အဆိုပါယာဉ်တိုက်မှု ပတ်သက်လို့ ရေးသားမှတ်ချက်ပြုကြပါတယ်။
မတော်တဆမှုမှာ သေဆုံးသွားတဲ့ လူငယ်က အသက်နှစ်ဆယ်ကျော်အရွယ်လို့ သိရပါတယ်။ လမ်းပိတ်နေစဉ် ယာဉ်နှစ်စီးကြားကနေ ရှေ့ကို ကျော်တက်ဖို့ ကြိုးစားရာက ကားလမ်းပွင့်သွားပြီး၊ ကားက ထွက်မှာ ဆယ်ဘီးကားရဲ့ တန်းနဲ့ တိုက်တာကြောင့် ဆိုင်ကယ်တိမ်းမှောက်ကာ ဆိုင်ကယ်က ဆန့်ကျင်ဘက်လားရာက ကားအောက်ရောက်သွားသလို လူကလည်း လားရာတူ ကားအောက်ရောက်သွားကာ နေရာတင်သေဆုံးတာပါ။
တောင်ကြီးမြို့ ဒေသခံတစ်ဦးက “ကားတွေအရမ်းမောင်းတာရယ်၊ အရမ်းရှုပ်တာရယ်ကြောင့် အနောက်မြို့ပတ်လမ်းကိုရှောင်ဖြစ်တာများတယ်။ တကယ်လည်း ကြောက်စရာကြီး။ ကားကြီးတွေက ကျော်လို့လည်းမရ အနောက်ကဖုန်တွေအပေခံပီးလိုက်တယ်။ ဖုန်ပေတာက အန္တရာယ်များတာထက်စာရင်တော်သေးတယ်လေ။ တစ်ခါတစ်ခါဆို နောက်က ကုန်ကားအသည်းသန်လာလို့ နှစ်စီးကြားညှပ်မာတောင်ကြောက်ရတယ်”လို့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ မှတ်ချက်ပြုပါတယ်။