၂၆ .၁၂. ၂၀၂၄
Written by Hey Mar
အမျိုးသားတစ်ဦး တောင်ယာကနေ ဆိုင်ကယ်နဲ့အပြန် လမ်းမှာတိမ်းမှောက်ပြီး ချောင်းထဲပြုတ်ကျကာ ရေနစ်သေဆုံးခဲ့တဲ့ဖြစ်စဉ်မှာ ဒီနေ့ ဒီဇင်ဘာ ၂၆ ရက်နေ့မှာ အလောင်းပြန်လည်ရှာဖွေ့တွေ့ရှိတယ်လို့ ဒေသခံလူမှုကူညီရေးအသင်းထံကနေသိရပါတယ်။
ဖြစ်စဉ်က သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့က တိုက်ထန်းတန်းဘေးရှိ ချောင်းထဲကို ပြုတ်ကျသေဆုံးခဲ့တာလို့ ပီတိနှလုံးသားလူမှုကူညီရေးအသင်းတာဝန်ရှိသူက ဆိုပါတယ်။
အဆိုပါတာဝန်ရှိသူက “မနေ့ကတည်းက ၂၅ ရက်နေ့ထဲက ညနေ ငါးနာရီကျော် မှောင်ရီသန်းပေါ့။ ဖြစ်တာက။ ပြန်မလာသေးလို့ လိုက်ရှာတော့ ဆိုင်ကယ်ကို ည၇နာရီလောက်မှာ တွေ့တယ်။ လူကမတွေ့တော့ ချောင်းထဲကျတယ် မထင်တာရော၊ နောက်ပြီး ချောင်းထဲ ညဘက်ရှာဖို့လည်း အဆင်မပြေတော့ မရှာကြတော့တာ”လို့ MT Newsကိုပြောပါတယ်။
ဒီနေ့ ၂၆ ရက် နေ့လယ်ပိုင်းမှာတော့ တာဝန်ရှိသူတွေက ဆက်လက်ရှာဖွေရာမှာ ခါးလောက်သာ နက်တဲ့ ချောင်းရေထဲ ပြုတ်ကျသေဆုံးနေတာကို ရှာဖွေတွေ့ရိတယ်လို့ သိရပါတယ်။
“သေဆုံးသူက အသက်က ၄၂ နှစ် သထုံ မြေနီကုန်းမှာ နေတာပါပဲ။ သက်ဆိုင်ရာက ရုပ်အလောင်းသယ်ဖို့ ညွှန်ကြားလို့ သွားသယ်ပေးပြီး နေအိမ်ကိုပဲ ပြန်ပို့ဖြစ်တယ်။ ဆိုင်ကယ်မှောက်လို့ ဒဏ်ရာထက် ရေနစ်သေတာလို့ ရဲကကောက်ချက်ချတယ်” လို့ ပီတိနှလုံးသားလူမှုကူညီရေးအသင်းတာဝန်ရှိသူက MT News ကို ပြောပါတယ်။