၂၆.၁၂.၂၀၂၄
Translated by Htwe Ko Tun
ထိုင်းနိုင်ငံအတွင်းမှာ လာရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားတွေမှာ ဝမ်းရောဂါပိုးကူးစက်နေတာကိုတွေ့ရှိခဲ့ပြီး သူတို့နဲ့လုပ်ငန်းခွင်မှာ အတူစားသောက်နေကြတာကြောင့် ထိုင်းနိုင်ငံသားနှစ်ဦးမှာလည်း ကူးစက်ခံခဲ့ရတယ်ဆိုတာ တွေ့ရှိပြီးနောက်မှာ ထိုင်းနိုင်ငံ၊ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ရွှေ့ပြောင်းလုပ်သားတွေနဲ့ပတ်သက်လို့ သူတို့ လိုအပ်တဲ့ကျန်းမာရေးဆိုင်ရာ စာရွက်စာတမ်းတွေကို အလေးထားဂရုစိုက်လာပါတယ်။
ထိုင်းနိုင်ငံ၊ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး ဆွမ်ဆက် သက်ဆူတင်က ရွှေ့ပြောင်းလုပ်သားတွေကိုသင့်တော်တဲ့ကျန်းမာရေးစစ်ဆေးမှုတွေ လက်တွေ့ပြုလုပ်ခြင်းမရှိဘဲ သူတို့လိုအပ်တဲ့စာရွက်စာတမ်းတွေကို ရောင်းချပေးနေတဲ့ ကျန်းမာရေးဆိုင်ရာ ဆေးရုံဆေးခန်းဆိုင်တွေကိုတွေ့ရင် တိုင်ကြားကြဖို့ပြည်သူတွေကို ဒီဇင်ဘာ ၂၅ ရက်မှာ ပြောကြားခဲ့ပါတယ်။
အခုအခါ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ အလုပ်ပါမစ်မှတ်ပုံတင်ဖို့အတွက် ကျန်းမာရေး စာရွက်စာတမ်း အထောက်အထားတွေလိုနေတာမှာ ခုလို စာရွက်စာတမ်းအတုတွေကို ကျန်းမာရေးဆိုင်ရာ ဆေးရုံဆေးခန်းတချို့ကရောင်းစားနေကြတယ်ဆိုတဲ့ မီဒီယာတွေရဲ့ ဖော်ပြချက်တွေကို တုံ့ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။
မစ္စတာ ဆွမ်ဆက်က “ဒီလို ဥပဒေနဲ့မညီရောင်းချနေတာတွေနဲ့ပတ်သက်လို့ တွေ့ရှိခဲ့ရင် ကျွန်တော်တို့ကို သတင်းပေးပါ။ ချက်ချင်းအရေးယူဖမ်းဆီးပါမယ်” လို့ပြောခဲ့ပါတယ်။ ဒီလိုလုပ်တာတွေက ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကိုဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ရောဂါတစ်မျိုးမျိုး ကူးစက်ဖြစ်ပွားမှုတွေဖြစ်စေနိုင်တယ်လို့ သူကဆိုပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့လည်း ဒီလို ကျန်းမာရေး စာရွက်စာတမ်းတွေ ထုတ်ပေးနေတဲ့ ကျန်းမာရေးဆိုင်ရာ ဆေးရုံဆေးခန်းဆိုင်တွေကများလွန်းတဲ့အတွက် အားလုံးကိုမထိန်းချုပ်နိုင်တာကြောင့် ခုလို ပြည်သူတွေကိုအကူအညီတောင်းရတာလို့ ဆိုပါတယ်။
ဒီလိုဝမ်းရောဂါဖြစ်ပွားမှုတွေတွေ့ရှိရတဲ့ ထိုင်းနိုင်ငံဒေသတွေမှာဆိုရင် ပြည်သူတွေကို ရောဂါမကူးစက်အောင် ဝမ်းရောဂါကာကွယ်ဆေး ၁,၄၀၀ ကျော်ကို ဆေးရုံတွေကိုပေးပို့ထားတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံရဲ့ ကျန်းမာရေးအဖွဲ့တွေအနေနဲ့ မြန်မာအာဏာပိုင်တွေဆီက တရားဝင် အကူအညီတောင်းခံမှုမရှိဘဲ မြန်မာနိုင်ငံအတွင်းဝမ်းရောဂါဖြစ်ပွားနေမှုကို ကူညီရန် နယ်စပ်ကိုဖြတ်ကျော်၍ဝင်ရောက်မရသော်လည်း သူတို့အနေနဲ့ ရောဂါနဲ့ပတ်သက်လို့ အသိပညာများကို မြန်မာနိုင်ငံရှိဆေးအဖွဲ့တွေဆီ မျှဝေနိုင်တယ်လို့ ဆိုပါတယ်။
Ref- Bangkok Post