၂၆.၁၂.၂၀၂၄
Written By Thandar
နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ ဥပ္ပါတသန္တိ စေတီတော်အရှေ့ဘက်စောင်းတန်းအောက်ခြေက ဆင်ဖြူတော်ရတနာ ဥယျာဉ်မှာ ဆင်ဘူးဖေအလှူကို ယနေ့ ဒီဇင်ဘာ ၂၆ ရက် နံနက် ၁၀ နာရီက အလိုတော်ပြည့်ဆရာတော်ရဲ့ သားတပည့် ဆရာတော်အရှင်ကုမာရ@ ဦးဇင်းဘီလူးက လှူဒါန်းခဲ့ပါတယ်။
“ကျွန်တော့်တို့ ဆင်ဖြူတော်ရတနာ ဥယျာဉ်မှာ ဆင်တွေကို ဘူဖေးအနေနဲ့ ကျွေးမွေးကြတာဆိုရင် ပုံမှန်ပါပဲ။ သူ့အလှူရှင်နဲ့သူတော့ ပုံမှန်တော့ ဆင်တွေ လာပြီးတော့ ဘူဖေးကျွေးလှူကြတာ ရှိကြပါတယ်။ ဒီအထဲက အသက်အကြီးဆုံးဆင်ကတော့ ၅၄ နှစ်ရှိပါပြီ။ ပုံမှန်ဘုရား ဧည့်သည်တွေလည်း လှူပြီး ကျွေးမွေးကြတာရှိပါတယ်” လို့ ဆင်ဖြူတော်ရတနာ ဥယျာဉ်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အဆိုပါနေရာမှာတော့ အလိုပြည့်ဆရာတော်ဘုရားကြီး ဒေါက်တာဘဒ္ဒန္တအရိယဝံသ ဦးထိပ်ထားပြီးတော့ ဆရာတော်အရှင်ကုမာရက ဆင်ဘူဖေးအနေနဲ့ လှူဒါန်းခဲ့တာဖြစ်ပါတယ်။
ဒီစေတီတော်ရဲ့ အရှေ့ဘက် ဝတ္ထုကံမြေအတွင်းရှိ ရတနာဆင်ဖြူတော်ဆောင်မှာတော့ ဆင်ဖြူတော် ၇ ကောင်၊ ဆင်မဲ ၃ ကောင်တို့ရှိတယ်ပြီး အသက်အကြီးဆုံးဆင်က ၅၄ နှစ်အရွယ်ရှိတယ်လို့လည်း ဆင်စခန်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဆင်ဘူဖေးအနေနဲ့ တစ်ကြိမ်ကျွေးလျှင် ကျပ် ၁သိန်း၃သောင်း သတ်မှတ်ထားတယ်လို့ သိရပါတယ်။