၂၆. ၁၂.၂၀၂၄
Written by Hey Mar
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ် – မယ်ဆိုင်၊ ထိုင်း မြန်မာချစ်ကြည်ရေး အမှတ် (၁) တံတားကနေ ဖြတ်သန်းသွားလာမယ့် ဒေသခံတွေအနေနဲ့ ဒီနေ့ ဒီဇင်ဘာ ၂၆ ရက်ကစပြီး IMMIGRATION CONTROL CARD( ICC ) အသစ်ပြန်လည်လဲလှယ်ပေးနေပြီး ကတ်အသစ်လဲပြီးပါက အရင်လို ၇ ရက် တစ်ပတ်နေထိုင်ခွင့်မဟုတ်ဘဲ ၁၄ ရက်အထိ နေထိုင်ခွင့်ရတယ်လို့လည်း တာချီလိတ်ဒေသခံတစ်ဦးထံကနေ သိရပါတယ်။
ထိုင်းလဝကအဝင် လူကတ်အဖြူ၊ ကား၊ ဆိုင်ကယ် ကတ်အဖြူတွေကို သက်တမ်းမပြည့်သေးသူရော၊ ပြည့်သူပါ မဖြစ်မနေ ဒီနေ့ ဒီဇင်ဘာ ၂၆ ရက်ကစတင်ပြီး လဲလှယ်ခိုင်းတာလို့လည်း သိရပါတယ်။
တာချီလိတ်ဒေသခံ စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးတစ်ဦးက “တစ်နှစ်တစ်ခါ လဲရတာမှာ ထိုင်းဘက်က ကတ်အဖြူလုပ်တဲ့ ကုမ္ပဏီက System Update လုပ်မှာမို့ ဒီနေ့ကပြီး အကုန်အသစ်ပြန်လဲခိုင်းတာ”လို့ MT News ကို ပြောပါတယ်။
ဒါ့ကြောင့် မယ်ဆိုင်တံတားမှာ လူတန်းရှည်ကြီးတိုးဝှေ့နေပြီး ကတ်လဲလှယ်သူတွေနဲ့ လူအဆမတန်လည်း များပြားနေတာကို ဒေသခံတချို့လူမှုကွန်ရက်မှာ မျှဝေလာတဲ့ ပုံတွေအရ သိရပါတယ်။ လက်ရှိမှာ လူအင်အားများလွန်းတဲ့အတွက် အခုရှိနေတဲ့ကတ်အဖြူတွေ မလဲချင်သေးရင်လည်း အရေးပေါ်သွားလာဖို့အတွက် တစ်ခါသုံးလို့ရသေးကြောင်း၊ ထိုင်းဘက်အဝင်မှာ ကတ်အဖြူတွေ ဖြုတ်သိမ်းပြီး၊ ထိုင်းဘက်က အထွက်မှာ ပုံမှန်အတိုင်းထွက်လို့ ရသေးကြောင်းနဲ့ နေ့ချင်းပြန်အတွက်သာ သုံးလို့ရတာ ဖြစ်ကြောင်းလည်း ဒေသခံတွေက ဆိုပါတယ်။
လူကတ်အဖြူလဲလှယ်ရာမှာ စာရင်းအသစ် ပြန်လည်ဖြည့်စွက်ပြီး ဓာတ်ပုံရိုက်၊ လက်ဗွေယူ၊ ကတ်ထုတ်ပေးခြင်းကို တစ်ခါတည်းအပြီး ပြုလုပ်ပေးပြီး အဲ့ဒီအတွက် ဝန်ဆောင်ခက ၂၀ ဘတ်ကျသင့်တယ်လို့လည်း သိရပါတယ်။ ကားနဲ့ ဆိုင်ကယ်တွေအတွက်လည်း လက်ရှိကူးသန်းနေတဲ့ ဆိုင်ကယ်စာရွက် မူရင်း၊ ကမ်းကူးစာအုပ်နဲ့ ကတိထုတ်တာကိုတစ်ခါတည်းလုပ်ပေးပြီး အဲ့ဒီအတွက်လည်း ၂၀ ဘတ်ကျသင့်တာမို့ လူနဲ့ ဆိုင်ကယ်ဆိုရင် ဘတ် ၄၀ ကျသင့်မှာလို့ သိရပါတယ်။