၂၆. ၁၂. ၂၀၂၄
Written by Nay Moe
တောင်ညိုစစ်ကြောင်းက PDF ၉ ယောက် တပ်ကထွက်ပြေးသွားတာကြောင့် တပ်ပြေးအဖြစ်သတ်မှတ်လိုက်တယ်လို့ တောင်ညိုစစ်ကြောင်းရဲ့ ဒီနေ့ ထုတ်ပြန်လာမှုအရ သိရပါတယ်။
NUG ရဲ့ လက်အောက်ခံ တောင်ပိုင်းစစ်ဒေသ၊ တောင်ညိုစစ်ကြောင်း (Taung Nyo Column – P29906) က PDF တွေဖြစ်တဲ့ ပြည့်ဖြိုးအောင်၊ သီဟ (ခ) သားကြီး၊ အောင်ပြည့်စုံ၊ သော်ဇင်ခန့် (ခ) ကျားပေါက်၊ လွင်ကိုကိုဦး၊ သန်းတိုးနိုင်၊ ထက်မြတ်လင်း၊ စောနေထူး၊ ထက်ဝင်းတို့ ၉ ဦးဟာ တောင်ညိုစစ်ကြောင်းက ထွက်ပြေးတာကြောင့် တပ်ပြေးအဖြစ် သတ်မှတ်လိုက်တာပါ။
ဒီ PDF ၉ ဦးက NUG ရဲ့ PDF ဘဝကနေ ထွက်ပြေးပြီး တပ်မတော်ဆီ အလင်းဝင်တာလား မေးမြန်းမှုတွေရှိပေမဲ့ တောင်ညိုစစ်ကြောင်းကတော့ တုံ့ပြန်မှုမရှိဘဲ “စစ်ကြောင်းမှ သတိပေးသတ်မှတ်ထားသော စည်းကမ်းများအားဖောက်ဖျက်ကာ တပ်မှ ထွက်ပြေးသွားပါသောကြောင့် ဖော်ပြပါရဲဘော်များနှင့် ပတ်သက်သောကိစ္စရပ်များနှင့်ပတ်သက်၍ စစ်ကြောင်းမှ တာ၀န်ယူဖြေရှင်းပေးမည်မဟုတ်တော့ပါကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်”လို့ပဲ ဖော်ပြထားတာ တွေ့ရပါတယ်။
NUG လက်အောက်ခံ PDF တွေထဲကနေ ပြစ်မှုကျူးလွန်ထားမှုမရှိတဲ့ PDF တွေကို တပ်မတော်က အလင်းဝင်ဖို့ ဖိတ်ခေါ်ပြီး ဆုငွေချီးမြှင့်မှုလည်းရှိနေတာကြောင့် PDF ၁၀၀၀ လောက် အလင်းဝင်လာခဲ့ပြီဖြစ်သလို အခု တောင်ညိုစစ်ကြောင်းကနေ ထွက်ပြေးသူ ၉ ယောက်ဟာလည်း ဘယ်ဆီပြေးတယ်မသိဘဲ အဆက်အသွယ်ပြတ်နေတာကြောင့် အလင်းဝင်သွားတာလား၊ တစ်နေရာရာပုန်းခိုနေတာလား မသိရသေးတဲ့အခြေအနေလို့လည်း ဒေသတွင်း PDF တစ်ဦးက သူသိရတဲ့အကြမ်းဖျဥ်းဖြစ်စဥ်ကို ပြောပါတယ်။