၂၆. ၁၂. ၂၀၂၄
Written by Nyein Kyaw
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ဆက်သွယ်သူတောင်သူဦးရေ များလာသည်နှင့်အမျှ ကြွေးကျန်များလည်း ဖြစ်ပေါ်နေ၍ ကြွေးကျန်များ ပြန်လည်ကောက်ခံရရှိရေး ထိရောက်စွာ စီမံဆောင်ရွက်ရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထွဋ်က ယမန်နေ့တွင် ရန်ကုန်မြို့ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) သို့ သွားရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံစဉ် ပြောကြားသည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် ခေတ်အဆက်ဆက်တွင် နိုင်ငံတစ်ဝန်းလုံးရှိ တောင်သူလယ်သမားများကို စိုက်ပျိုးစရိတ်အရင်းအနှီးများ အဓိကပံ့ပိုးထုတ်ချေးပေးလျက်ရှိသည့် နိုင်ငံတော်ဘဏ်ကြီးတစ်ဘဏ်ဖြစ်သည်။
ဘဏ်နှင့်ဆက်သွယ်သူ တောင်သူဦးရေ များပြားသည်နှင့်အမျှ ကြွေးကျန် (NPL) များလည်း ဖြစ်ပေါ်နေသဖြင့် ကြွေးကျန်များ ပြန်လည်ကောက်ခံရရှိရေးကိုလည်း သက်ဆိုင်ရာခရိုင်နှင့် မြို့နယ်ချေးငွေအကြံပေးအဖွဲ့များနှင့် ညှိနှိုင်းပေါင်းစပ်၍ ထိရောက်စွာ စီမံဆောင်ရွက်ကြရန်လိုကြောင်း ဒုဝန်ကြီးက ပြောကြားသည်။
ထို့ကြောင့် Customer များဖြစ်ကြသည့် တောင်သူများအပေါ် စေတနာထား၍ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ပေးကြရန်လိုကြောင်း၊ ထုတ်ချေးငွေအပေါ်တွင်လည်းကောင်း၊ တောင်သူများက ပြန်လည်ပေးဆပ်သည့်ငွေများ အပေါ်တွင်လည်း ကောင်း ငွေကြေးအလွဲသုံးစားမှုများ မရှိစေရေးအတွက် တာဝန်ရှိသူများက အဆင့်ဆင့်ထိရောက်စွာကြီးကြပ်စစ်ဆေးဆောင်ရွက်ကြရန် ဒုဝန်ကြီးက မှာကြားခဲ့သည်။