◾ မန္တလေးမြို့လယ်မှာ ရှစ်ရက်အတွင်း သုံးကြိမ်ဖြစ်ပွားခဲ့တဲ့ ဓားပြတိုက်မှု ဖြစ်စဥ်တွေကြောင့် စုစုပေါင်း ရွှေငါးပိဿာကျော်၊ ကားတစ်စီးနဲ့ ကျပ် သိန်း ၇၀၀ ကျော် လုယက်ခံခဲ့ရ
၂၆. ၁၂. ၂၀၂၄
Written by Nay Moe
မန္တလေး၊ ချမ်းအေးသာဇံမြို့နယ်၊ ၇၇ လမ်း ၃၂ ၊ ၃၃ လမ်းကြားက နဂါးနန်းတော်ရွှေဆိုင် ဖွင့်လှစ်နေချိန် လူ ၂ ဦးက သေနတ်ကိုင်ဆောင် ဓားပြတိုက်သွားလို့ ရွှေတစ်ပိဿာခန့် လုယက်ခံလိုက်ရတယ်လို့ သိရပါတယ်။
မန္တလေးမြို့ဟာ ရွှေဆိုင်တွေ မကြာခဏဓားပြတိုက်ခံနေရတဲ့နေရာဖြစ်ပြီး ပြန်လည်ဖမ်းဆီးရမိမှုလည်း နည်းပါးသလို ဒီဇင်ဘာ ၁၈ ရက်ကလည်း မဟာအောင်မြေမြို့နယ်က ရွှေစင်အကယ်ဒမီရွှေဆိုင် ဓားပြတိုက်ခံခဲ့ရပြီး ကျပ်သိန်း ၃၀၀၀၀ ကျော် တန်ဖိုးရှိတဲ့ ရွှေ ၄ ပိဿာကျော် လုယက်ခံခဲ့ရတာ၊ ဒီဇင်ဘာ ၂၄ ရက်ကလည်း မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၄၃ လမ်း၊ ၆၄ လမ်းနဲ့ ၆၅ လမ်းကြားက ဆင်ဖြူတော် ငွေလွှဲလုပ်ငန်း ဓားပြတိုက်ခံရပြီး ကျပ်သိန်း ၇၀၀နဲ့ ကားတစ်စီး လုယူသွားတဲ့ဖြစ်စဉ် ဖြစ်ခဲ့သေးတာကြောင့် မန္တလေးမြို့လယ်မှာ ရှစ်ရက်အတွင်း သုံးကြိမ်ဓားပြတိုက်မှုဖြစ်ပွားခဲ့တာလည်းဖြစ်ပြီး ရွှေဆိုင်နှစ်ဆိုင်ဖြစ်တဲ့ နဂါးနန်းတော်၊ ရွှေစင်နဲ့ ဆင်ဖြူတော်ငွေလွှဲလုပ်ငန်းတွေ ရှစ်ရက်အတွင်း လုယက်ခံရတဲ့ ဖြစ်စဥ်တွေက ရွှေငါးပိဿာကျော်၊ ကားတစ်စီးနဲ့ ကျပ် သိန်း ၇၀၀ ကျော် လုယက်ခံခဲ့ရတာလည်းဖြစ်ပါတယ်။
“မန္တလေးမြို့ ၇၇ လမ်း ၃၂၊ ၃၃ ကြားရှိ နဂါးနန်းတော်ရွှေဆိုင်ကို ယနေ့ မနက်က 110 Wave ဆိုင်ကယ်စိမ်း/ဖြူရောင်ဖြင့် အမျိုးသား ၂ ဦး၊ သေနတ် အတို ၁ လက်၊ အရှည် ၁ လက်တို့ဖြင့် ဓားပြတိုက် ရွှေ ၁ ပိဿာကျော်ပါသွားကြောင်း ကြားသိရ။ ၁၈.၁၂.၂၀၂၄ နေ့က ရွှေစင်အကယ်ဒမီဆိုင် ဓားမြတိုက်ခံရ ရွှေ ၄ ပိဿာကျော်ပါသွား။ မန္တလေးမြို့ တပတ်အတွင်း ရွှေဆိုင် ၂ ဆိုင် ဓားမြတိုက်ခံရခြင်းဖြစ် (သတ်ပုံမူရင်း)”လို့ ကျော်ကြီး(MDY) ကလောင်အမည်နဲ့ စာရေးသူ မြန်မာချမ်းသာရွှေဆိုင်ပိုင်ရှင်က လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားပါတယ်။
လူမှုကွန်ရက်မှာ ပျံ့နှံ့လာတဲ့ CCTV မှာလည်း ဓားပြတိုက်သူလို့ ယူဆရသူတစ်ဦးက ဆိုင်ကယ်မောင်းဝင်လာပုံပြထားပြီး သူတို့ ဝတ်ဆင်တဲ့ အဝတ်အစား၊ ပုံစံနဲ့၊ ဆိုင်ကယ်သဏ္ဍာန်တွေ CCTV မှတ်တမ်းရရှိထားတာကြောင့် ပိတ်ဆို ဖမ်းဆီးနေတာကြောင့် မန္တလေးမြို့ပေါ် စစ်ဆေးမှုတင်းကျပ်နေပြီး ဒီလုယက်မှုမှာ ရွှေတစ်ပိဿာခန့်အပြင် ကျပ်သိန်း ၃၀ ခန့်လည်း ဆုံးရှုံးသွားတာကြောင့် ခန့်မှန်းတန်ဖိုး သိန်း ၆၀၀၀ ကျော်ဆုံးရှုံးသွားတာလို့ ကနဦး သိရပေမဲ့ အတိအကျ ဆက်လက်စိစစ်နေဆဲဖြစ်တယ်လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။